Monday, 26 December 2011

မြတ်စွာဘုရားရှင် ၀ါဆိုတော်မူရာ မြို့၊ ရွာဒေသများ

မြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် ၁၀၃ - ခုနှစ်၊ ကဆုန်လပြည့်နေ့
သဗ္ဗညုတဥာဏ်ရှင် ဘုရားသခင်အဖြစ်သို့ ဆိုဒ်ရောက်တော်မူသည်မှ စ၍
အောက်ပါ မြို့ရွာဒေသများ၌ ၀ါကပ်တော်မူခဲ့ပါသည်။

(၁) ၀ါ - ဗာရာဏသီပြည်၊ ဣသိပတန မိဂဒါဝုန်တော၊

(၂၊ ၃၊ ၄) ၀ါ - ရာဇဂြိုလ်ပြည်၊ ဝေဠုဝန်ကျောင်းတော်၊

(၅) ၀ါ - ဝေသာလီပြည်၊ မဟာဝုန်တော၊ ကုဋာဂါရ - သာလာကျောင်း

(၆) ၀ါ - မကုဠတောင်၊ ချရားတော၊

(၇) ၀ါ - တာဝတိံသာနတ်ပြည်၊

(၈) ၀ါ - ဘဂ္ဂတိုင်း၊ သံသုမာရဂီရိပြည်၊ ဘဂ္ဂသယ၊ ဇနပုတ်အနီး သေသကဠာ မိကဒါဝုန်တော၊

(၉) ၀ါ - ကောသမ္ဗီပြည်၊ ဃောသိတာရုံ၊ ကုက္ကုဋာရုံ၊ ပါဝါရိကာရုံကျောင်းများ၊

(၁၀) ၀ါ - ပါလိလေယျက တောအုပ်၊

(၁၁) ၀ါ - နာဠကပုဏ္ဏားရွာ၊ နာဠိကာရုံကျောင်း၊

(၁၂) ၀ါ - ဝေရဉ္ဇတိုင်း၊ နဠေရု တမာပင်ရင်း၊

(၁၃) ၀ါ - စာလိယတောင်၊

(၁၄) ၀ါ - သာဝတ္ထိပြည်၊ ဇေတ၀န်ကျောင်း၊

(၁၅) ၀ါ - ကပိလ၀တ်ပြည်၊ နိဂြောဓာရုံကျောင်း၊

(၁၆) ၀ါ - အာဠ၀ီပြည်အနီး၊ မဟာဝုန်ကျောင်း၊

(၁၇) ၀ါ - ရာဇဂြိုလ်ပြည်၊ ဝေဠုဝန်ကျောင်း၊

(၁၈) ၀ါ (၁၉) ၀ါ - စာလိယတောင်၊

(၂၀) ၀ါ - ရာဇဂြိုလ်ပြည်၊ ဝေဠုဝန်ကျောင်း၊

(၂၁) ၀ါ မှ (၃၉) ၀ါ - သာဝတ္ထိပြည်၊ ဇေတ၀န်ကျောင်း၊

(၄၀) ၀ါမှ (၄၄) ၀ါ - - သာဝတ္ထိပြည်၊ ပုဗ္ဗာရုံကျောင်း၊

(၄၅) ၀ါ - ဝေဠုဝရွာ။ 
  စသည့် မြို့၊ ရွာ၊နိဂုံး၊ တိုင်း တို့`၌ ဝါဆို ဝါကပ်တော် မူခဲ့ပါသည် ။

``တရားဂုဏ်တော်(၆)ပါး ပါဠိနှင့်အနက်´´

``တရားဂုဏ်တော်(၆)ပါး ပါဠိနှင့်အနက်´´
၁။ သွက္ခာတဂုဏ်တော် = မြတ်စွာဗုဒ္ဓ၏တရားတော်တို့ကို ကောင်းစွာဟောကြားအပ်တော်မူပါပေ၏။
၂။ သန္ဒိဋ္ဌိကဂုဏ်တော် = မြတ်စွာဗုဒ္ဓ၏တရားတော်တို့သည် မျက်မှောက်၌ အကျိုးပေးတတ်ပါ၏။
၃။ အကာလိကဂုဏ်တော် = မြတ်စွာဗုဒ္ဓ၏တရားတော်တို့သည် အချိန်အခါမလင့်စေဘဲ အကျိုးပေးတတ်ပါ၏။
၎။ ဧဟိပဿိကဂုဏ်တော် = မြတ်စွာဗုဒ္ဓ၏တရားတော်တို့အား လာရောက်ရှုကြည့်လှည့်ပါ ဟူ၍ဖိတ်ခေါ်အပ်ပါ၏။
၅။ သြပနေယျိကဂုဏ်တော် = မြတ်စွာဗုဒ္ဓ၏တရားတော်တို့သည် မြတ်နိဗ္ဗာန်သို့ ပို့ဆောင်တတ်ပါပေ၏။
၆။ ပစ္စတ္တံ ဝေဒိတဗ္ဗဂုဏ်တော် = မြတ်စွာဗုဒ္ဓ၏တရားတော်တို့ကို အသီသီး မိမိတို့သန္တာန်၌ သိအပ်ခံစားအပ်ပါပေ၏။
``ဓမ္မော ဟဝေ ၊ ရက္ခတိ ဓမ္မစာရီ´´ တရားကျင့်သူ၊ တရားစောင့်သူကို မြတ်တရားက ပြန်လည်စောင့်ရှောက်ပါပေ၏ ။

ဗုဒ္ဓ၀င်အကျဉ်း

၁။ ဗျာဒိတ်ခံယူသောဘ၀ - သုမေဓာရှင်ရသေ့ဘ၀၊
၂။ ဗျာဒိတ်ခံယူသောနေ့ - ကဆုန်လပြည့်နေ့၊
၃။ ဗျာဒိတ်ပေးသောဘုရား - ဒီပင်္ကရာဘုရား၊
၎။ ပါရမီဖြည့်ဖက် - သုမိတ္တာအမျိုးသမီး၊
၅။ ပါရမီဖြည့်ရာကာလ - လေးသင်္ချေနှင့်ကမ္ဘာတစ်သိမ်း(သုမေဓာရှင်ရသေ့ဘ၀မှ ဝေဿန္တရာဘ၀ထိ)
၆။ ဖြည့်ခဲ့သောပါရမီများ - ဒါနစသော ပါရမီ(၁၀)ပါး၊
၇။ ပါရမီဖြည့်ရခြင်း၏ရည်ရွယ်ချက် - သတ္တ၀ါများ၏ အကျိုးဆောင်ရွက်ရန်၊
၈။ နောက်ဆုံးစံခဲ့သောနတ်ပြည် - တုသိတာနတ်ပြည်၊
၉။ နတ်သားအမည် - သေတကေတုမည်သောနတ်သား၊
၁၀။ ဘုရားဖြစ်ရန် တောင်းပန်သူ - နတ်၊ ဗြဟ္မာများ၊
၁၁။ ကြည့်ခြင်းကြီးငါးပါး - ကာလ၊ ဒီပ၊ ဒေသ၊ ကုလ၊ မာတုအာယုပရိစ္ဆေဒ၊
၁၂။ မယ်တော်အိပ်မက် - နတ်မင်းများကအနောတတ္တအိုင်မှရေကိုသယ်ပြီးချိုးပေးခြင်း၊ကျာက်ဖျာမှာအိပ်၊
ဆင်ဖြူတော်ဝင်သည်ဟုမက်၊
၁၃။သန္ဓေယူသောနေ့ - မဟာသက္ကရာဇ်(၆၇)ခု၊ ၀ါဆိုလပြည့် ကြာသပတေးနေ့၊
၁၄။ မိဘအမည် - သုဒ္ဓေါဒန၊ မာယာဒေ၀ီ၊
၁၅။ နေပြည်တော် - ကပိလ၀တ်ပြည်(သက္ကတိုင်း)၊
၁၆။ အမျိုးအနွယ် - သာကီဝင်မင်းမျိုး၊
၁၇။ ဖွားသောနေ့ - မဟာသက္ကရာဇ်(၆၈)ခု၊ ကဆုန်လပြည့် သောကြာနေ့၊
၁၈။ဖွားရာဌာန - လုမ္ဗိနီ ဥယျာဉ်(ကပိလ၀တ်နှင့် ဒေ၀ဒဟကြား)၊
၁၉။ ဖွားကာစ စကား - အဂ္ဂေါဟမသ္မိံ လောကဿ၊ ဇေဋ္ဌောဟမသ္မိံ လောကဿ၊ သေဋ္ဌော ဟမသိံ္မ
လောကဿ၊
၂၀။ ဖွားခါစခြေလှမ်း - မြောက်အရပ်သို့ (၇)လှမ်း၊
၂၁။ ဘုရားဖြစ်မည်ဟု ဧကန်ဟောသူ - ကောဏ္ဍညပုဏ္ဏား၊
၂၂။ မိထွေးတော်အမည် - ဂေါတမီ၊
၂၃။ မင်းသားအမည် - သိဒ္ဓတ္ထမင်းသား၊
၂၄။ ဖွားဖက်တော်များ - ယသော်ဓရာ၊ အာနန္ဒာ၊ ဆန္ဒအမတ်၊ ကာလုဒါယီအမတ်၊ကဏ္ဍကမြင်း၊ဗာဓိပင်၊
ရွှေအိုး(၄)လုံး၊
၂၅။ မင်းသားငယ်ကိုမြင်၍ ငိုသောရသေ့ - ဒေ၀ီလရသေ့၊
၂၆။ ပြသောအတတ်ပညာ - လေးအတတ်ပညာ၊
၂၇။ ကြင်ယာတော် - ယသော်ဓရာ၊
၂၈။ စံသောနန်းပြဿဒ် - နွေရာသီစံဘုံ(၅)ဆင့်ရှိ (ရမ္မ)၊ ဆောင်းရာသီစံဘုံ(၇)ဆင့်ရှိ (သုရမ္မ)၊
မိုးရာသီစံဘုံ(၉)ဆင့်ရှိ (သုဘ)၊
၂၉။ရင်သွေးတော် - ရာဟုလာ၊
၃၀။ နန်းစံသောနှစ် - ၁၃ နှစ် (၁၆နှစ် မှ ၂၉နှစ်အထိ)၊
၃၁။ မြင်သောနိမိတ် - သူအို၊ သူနာ၊ သူသေ၊ ရဟန်း၊ (လေးလတစ်ကြိမ်တွေ့မြင်သည်)၊
၃၂။ တောထွက်သောအသက် -(၂၉)နှစ်၊
၃၃။ တောထွက်သောနေ့ - မဟာသက္ကရာဇ်(၉၇)ခု၊ ၀ါဆိုလပြည့်၊ တနင်္လာနေ့၊ သန်းခေါင်ယံအချိန်၊
၃၄။ တောထွက်ချိန်ပါသူ - ကဏ္ဍကမြင်းနှင့် မြင်းပြီးဆွဲမောင်ဆန်၊
၃၅။ ဖြတ်ကူးသောမြစ် - အနော်မာမြစ်၊
၃၆။ ပယ်သောအရာ - ဆံတော်နှင့်အ၀တ်၊
၃၇။ ဆံတော်တည်ရာစေတီ - တာဝတိံသာနတ်ပြည် စူဠာမဏိစေတီ၊
၃၈။ အ၀တ်တော်စေတီ - ဗြဟ္မာပြည် ဒုဿစေတီ၊
၃၉။ သင်္ကန်းပရိက္ခရာလှူသူ - ဃဋိကာရဗြဟ္မာ၊
၄၀။ တောထွက်ပြီးစ ဦးစွာဆရာ - အာဠာရ ရသေ့၊ ဥဒကရသေ့၊
၄၁။ ဒုက္ကရစရိယာကျင့်ရာဋ္ဌာန - ဥရုဝေဠတော၊
၄၂။ ဒုက္ကရစရိယာကျင့်သောနှစ် - (၆)နှစ်၊
၄၃။ ဘုရားဖြစ်သောနှစ် - မဟာသက္ကရာဇ်(၁၀၃)ခု၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့၊
၄၄။ ဘုရားဖြစ်ချိန်အသက် - (၃၅)နှစ်၊
၄၅။ ဘုရားဖြစ်ချိန်လူတို့သက်တမ်း - (၁၀၀)နှစ်၊
၄၆။ ဒုက္ကရစရိယာကျင့်ချိန်အလုပ်အကြွေး- ပဉ္စ၀ဂ္ဂီငါးဦး၊
၄၇။ ဃနာနို့ဆွမ်းကပ်လှူသူ - သုဇာတာအမျိုးသမီး(သေနနိဂုံး)။
၄၈။ ရွှေခွက်မျှောသောမြစ် - နေရဉ္စရာမြစ်၊
၄၉။ ရွှေခွက်သိမ်းသူ - ကာလနဂါး၊
၅၀။ ဗောဓိပင်သွားမြက်လှူသူ - သောတ္ထိယမြက်ရိတ်သမား၊
၅၁။ မြက်မှဖြစ်သောအရာ - ရွှေပလ္လင်၊
၅၂။ ဘုရားအောင်မြင်သောအရာ - ဗောဓိပင်နှင့် ရွှေပလ္လင်၊
၅၃။ ရွှေပလ္လင်လာလုသူ - ၀သ၀တ္တီနတ်ပြည်နေ မာရ်နတ်၊
၅၄။ ဘုရားဘက်မှသက်သေပြုသူ - ၀သုန္ဒရေ မြေစောင့်နတ်၊
၅၅။ ဘုရားကိုလာ၍ဖျားရောင်းသူ - တဏှာ၊ အရတီ၊ ရာဂါ (မာရ်နတ်၏ သမီးများ)၊
၅၆။ ဘုရားရှင်ရှေးဦးစွာရသောဥာဏ်များ-ပထမယာမ်၌ ပုဗ္ဗေနိဝါသဥာဏ်၊ ဒုတိယယာမ်၌ ဒိဗ္ဗစက္ခုဥာဏ်၊
တတိယ ယမ်၌ အာသ၀က္ခယဥာဏ်။
၅၇။ဘုရားရှင်၏ ပထမဗုဒ္ဓ၀စန - အနေကဇာတိသံသာရံ စသော စိတ်ထဲမှ ဆင်ခြင်သောစကား၊
၅၈။ ခုနှစ်ရက် ခုနှစ်လီ သတ္တဟများ - ပလ္လင်္က သတ္တာဟ၊ အနိမိသသတ္တာဟ ရတနစင်္ကမသတ္တာဟ၊
အဇပါလ သတ္တာဟ၊မုစလိန္ဒသတ္တာဟ၊လင်းလွန်းပင်သတ္တာဟ၊
ရတနဃရသတ္တာဟ၊
၅၉။ မာရ်နတ်၏ သမီးများလာဖြားယောင်းသော သတ္တာဟ - အဇပါလသတ္တာဟ၊
၆၀။ သုတ်၊ အဘိဓမ္မာ၊ ၀ိနည်းကို ဆင်ခြင်သောသတ္တာဟ - ရတနဃရ သတ္တာဟ၊
၆၁။ တပုဿ၊ ဘလ္လိကတို့ကို ဆံတော်ပေးသောသတ္တာဟ -လင်းလွန်းပင်သတ္တာဟ၊
၆၂။ ဘုရားရှင်တရားဟောရန်တောင်းပန်သူ - သဟမ္ပတိဗြဟ္မာ၊
၆၃။ ဘုရားရှင် ဗောဓိပင်အကြွလမ်းမှာ တွေ့သူတက္ကဒွန်း - ဥပက၊
၆၄။ ဓမ္မစကြာဟောသောနေ့ - (၁၀၃)ခု၊ ၀ါဆိုလပြည့်၊ စနေနေ့၊
၆၅။ ပထမဦးဆုံးရဟန္တာဖြစ်သူ - ရှင်ကောဏ္ဍည၊
၆၆။ ဒွေဝါစိကသရဏဂုံတည်သူ - တပုဿနှင့် ဘလ္လိက၊
၆၇။ တေ၀ါစိက သရဏဂုံတည်သူ - ယသ သတို့သားမိသားစု၊
၆၈။ လက်ယာရံ အဂ္ဂသာဝက - ရှင်သာရိပုတြာ၊
၆၉။ လက်ဝဲရံ အဂ္ဂသာဝက - ရှင်မဟာမောဂ္ဂလာန်၊
၇၀။ ဘုရားရှင်အဆုံးအမ - ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓ၊
၇၁။ ကျင့်စဉ်သိက္ခာ - သီလ၊ သမာဓိ၊ ပညာ၊
၇၂။ ချမှတ်သောလမ်းစဉ် - မဂ္ဂင်ရှစ်ပါး၊ မဇ္ဈိမပဋိပဒါလမ်းစဉ်၊
၇၃။ တရားဟောသောနှစ် - (၄၅)၀ါ၊
၇၄။ ဟောခဲ့သောတရားပေါင်း - ဓမ္မက္ခန္ဓာပေါင်း (၈၄၀၀၀)၊
၇၅။ ဘုရားရှင်အားလုပ်ကြွေးသူ - ရှင်အာန္ဒာ၊
၇၆။ နောက်ဆုံးဆွမ်းလှူသူ - စုန္ဒသူကြွယ်၊
၇၇။ နောက်ဆုံးကျွတ်သူ - သုဘဒ္ဒပရိဗိုဇ်၊
၇၈။ နောက်ဆုံးစကား - ဟန္ဒဒါနိ ဘိက္ခဝေ အာမန္တယာမိ ဝေါ ၀ယဓမ္မာ အပ္ပမာဒေန သမ္ပာဒေထ၊
၇၉။ ပရိနိဗ္ဗာန်ပြုသောအသက် - သက်တော်(၈၀)၊
၈၀။ ပရိနိဗ္ဗာန်စံသောနေ့ - မဟာသက္ကရာဇ်(၁၄၈)ခု၊ ကဆုန်လပြည့်၊ အင်္ဂါနေ့၊
၈၁။ ပရိနိဗ္ဗာန်ပြုရာအရပ် - မလ္လာတိုင်း၊ မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၊
၈၂။ တေဇောဓာတ်လောင်သောနေ့ - (၁၄၈)ခု၊ ကဆုန်လဆုတ်(၁၂)ရက်၊ တနင်္ဂနွေနေ့၊
၈၃။ ဓာတ်တော်ဝေသောပုဏ္ဏား - ဒေါနပုဏ္ဏား၊
၈၄။ ကြွင်းသောဓာတ်တော် - ၈ စိတ် (၂တင်း)၊
၈၅။ မပြိုကွဲသောဓာတ်တော် - စွယ်တော်လေးဆူ၊ ညှပ်ရိုးတော်နှစ်ဆူ၊ နဖူးသင်းကျစ်တစ်ဆူ။
ယခုတင်ပြသည့် ဗုဒ္ဓ၀င်အကျဉ်းအား ဗုဒ္ဓဘာသာယဉ်ကျေးမှုနွေရာသီသင်တန်း စာအုပ်မှကူးယူတင်ပြပါသည်။

ဗုဒ္ဓပွင့်တော်မူရာ ကာလ

ခမည်းတော် -သုဒ္ဓေါဓန
မယ်တော် -မာယာဒေ၀ီ
မဟာသက္ကရာဇ် ၆၇ ခုနှစ် ၀ါဆိုလပြည့် ကြာသမတေးနေ့ ပဋိသန္ဓေယူ
မဟာသက္ကရာဇ် ၆၈ ခုနှစ် ကဆုန်လပြည့် သောကြာနေ့ ဖွားမြင်တော်မူ (BC 623)
မဟာသက္ကရာဇ် ၉၇ ခုနှစ် ၀ါဆိုလပြည့် တနလာင်္နေ့ တောထွက်
မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ ဘုရားဖြစ် (BC 588)
ဝါဆိုလပြည့် စနေနေ့ ဓမ္မစကြာတရားဟော
မဟာသက္ကရာဇ် ၁၄၈ ခုနှစ် ကဆုန်လပြည့် အဂါင်္နေ့ ပရိနိဗ္ဗာန်စံ
(BC 543)
  ဆောင်ပုဒ်။ ။ မ၊ သိ၊ ကြ၊ လျှင်၊ တွေး၊ ဆ၊ ဦး။
အထက်ပါဖော်ပြပါ အချက်လက်များသည် ဗုဒ္ဓ၀င်ကျမ်း၊ ဗုဒ္ဓကျမ်းဂမ်များ နှင့် စာအုပ်စာတမ်းများမှာတွေ့ရသော ခုနှစ် သက္ကရာဇ် အကျင်းမျှသာဖြစ်ပါသည်။ အောက်၌ ဖော်ပြလတ္တံသော သမိုင်းနှင့် တစ်နှစ်ကွာဟနေပါလိမ့်မည်။ အကျယ်ကို ဖော်ပြပါအံ့........... ကမ္ဘာ့ဘာသာတရားများအနက်အသိမ်မွေ့ဆုံး တခုအဖြစ်ထင်ရှားသော
ဗုဒ္ဓဘာသာကို စတင်ထူထောင်ခဲ့သည့်
 
ဂေါတမဗုဒ္ဓသည်
မည့်သည့်ကာလတွင် ပွင့်ပေါ်ခဲ့ပါသနည်း။
ဤအချက်ကို သုတေသီတို့က စိတ်ဝင်စားစွာလေ့လာကြသည်။
ဂေါတမဗုဒ္ဓပွင့်တော်မူခဲ့ရာ မဇ္ဈိမဒေသ(အိန္ဒိယ)၌ ရှေးခေတ်က

ခေတ်ပြိုင်မှတ်တမ်းများရေးသားလေ့ မရှိခြင်းကြောင့်
ဗုဒ္ဓပွင့်တော်မူရာကာလနှင့် ပတ်သက်၍ တိကျစွာသိနိုင်မည့်

ခေတ်ပြိုင်အထောက်ထားများကို အိန္ဒိယနိုင်ငံ အတွင်း၌ မတွေ့ရှိရချေ။
ထိုကြောင့် အိန္ဒိယပြင်ပခေတ်ပြိုင် မှတ်တမ်းများနှင့် အဖြစ်ပျက်များကိုသာ

အထောက်ထားပြု၍ ဗုဒ္ဓမြတ်စွာပေါ်ထွန်းရာကာလကို ခန့်မှန်းချင့် တွက်ကြရသည်။
ဗုဒ္ဓပွင့်တော်မူရာကာကကို သိရှိနိုင်ရန် အားထားရသည့် အဓိက

အထောက်ထားတစ်ရပ်မှာ သိရိလင်္ကာနိုင်ငံ၌

ခရစ်နှစ်(၃၅၀)
ခန့်က ရေးသားခဲ့သော ဒီပ၀ံသကျမ်းနှင့်

ခရစ်နှစ် (၄၅၀)
ခန့်က ရေးသားခဲ့သော မဟာဝံသကျမ်းတို့ ဖြစ်ကြသည်။
ထိုဝံသကျမ်းများ၌ ဘုရားရှင်ပရိနိဗ္ဗာန်ပြုပြီး နှစ်ပေါင်း(၂၁၈)နှစ်အကြာတွင်

အိန္ဒိယနိုင်ငံ မဂဓတိုင်း၌  အသောကမင်း ရာဇဘိသေကခံယူခဲ့သည်ဟု

ဖော်ပြထားသည်။ ထို့ပြင် အသောကမင်းသည် အဘိသိတ်မခံမှီ လေးနှစ်တာမျှ
ထီးနန်းအုပ်ချုပ်ခဲ့သေးသည် ဟုလည်းကောင်း၊ အသောကမင်းးသည် ခမည်းတော်

ဗိန္ဒုသာရ ဘုရင်ကို ဆက်ခံကာ ထီးနန်းရရှိခဲ့ခြင်းဖြစ်သည်ဟု လည်းကောင်း

ဖော်ပြထားသည်။

ဗိန္ဒုသာရ သည် (၂၈) နှစ်ကြာ ထီးနန်းဆက်ခံခဲ့သည်ဟု ဆိုသည်။

တဖန်...စန္ဒဂုတ်ဘုရင်သည် (၂၄) နှစ်ကြာ ထီးနန်းစိုးစံခဲ့သည်ဟုလည်း
ဖော်ပြထားသည်။ ဤဖော်ပြထားချက်များအရ နောက်ပြန်တွက်ပြီး

စန္ဒဂုတ်ဘုရင်ထီးနန်းတက်သည့် ခုနှစ် သက္ကရာစ်ကို ခန့်မှန်းနိုင်ပါသည်။

ဤသို့တွက်သော်
အသောကအဘိသိတ်မခံမီ       ၄ နှစ်
ဗိန္ဒုသာရနန်းစံ                       ၂၈ နှစ်
စန္ဒဂုတ်နန်းစံ                          ၂၄ နှစ်
                                     
                                   ပေါင်း  ၅၆ နှစ်

အသောက နန်းတက်သည် ဆိုသော သာသနာနှစ် (၂၁၈) တွင် (၅၆) နှစ်နုတ်ပါက

ရရှိသော (၂၁၈-၅၆)= ၁၆၂ ခုနှစ် သည် စန္ဒဂုတ်ဘုရင်ထီးနန်းရရှိသည့်

သာသနာသက္ကရာဇ်ဖြစ်ပေမည်။

အိန္ဒိယသမိုင်းတွင် စန္ဒဂုတ်ဘုရင် ထီးနန်းရရှိချိန်ကို သိရှိနိုင်ရန် ဂရိမှတ်တမ်းများကို

အားကိုးအားထားပြုရပြန်သည်။  အကြောင်းမှာ.........

 စန္ဒဂုတ်ဘုရင်နန်းတက်ချိန်သည် အိန္ဒိယနိုင်ငံတွင်းသို့ အလက်ဇန္ဒားဘုရင်ကြီး

ဝင်ရောက်သိမ်းပိုက်ချိန်နှင့်ဆက်စပ်နေသောကြောင့် ဖြစ်သည်။

အလက်ဇန္ဒားဘုရင်ကြီးသည် ခရစ်ကြိုနှစ် (၃၂၃) တွင် ကွယ်လွန်ခဲ့သည်။

ထို့နောက်တွင် အလက်ဇန္ဒားဘုရင်ကြီး အောင်မြင်သိမ်းပိုက်ခဲ့သော အိန္ဒိယသည်

အစိတ်စိတ် အမွာမွာကွဲသွားခဲ့ရလေသည်။
ထိုသို့ အစိတ်စိတ်ကွဲချိန်တွင် မဂဓတိုင်း၌ စန္ဒဂုတ်ဘုရင် ပေါ်ထွန်းလာခဲ့ခြင်းဖြစ်သည်။

စန္ဒဂုတ်ဘုရင်သည် မဂဓတိုင်း၌ မောရိယမင်းဆက်ကို ထူထောင်ခဲ့ရာ

အသောကမှာ ထိုမင်းဆက်၏ တတိယမြောက်ဘုရင် ဖြစ်လာခဲ့သည်။

စန္ဒဂုတ်ဘုရင်သည် မောရိယမင်းဆက်ကို ထူထောင်နိုင်ရန်အတွက်

တစ်နှစ်၊ နှစ်နှစ်ခန့် စည်းရုံးခဲ့ရသည်ဟု ယူဆပါက
စန္ဒဂုတ်ဘုရင် ထီးနန်းရရှိသော ခုနှစ်သည် ခရစ်ကြိုနှစ် (၃၂၁) ခန့်ဖြစ်မည်ဟု

ကြောင်းကျိုးဆက်စပ်ကာ ယူဆနိုင်မည်ဖြစ်သည်။
ဝံသကျမ်းများ အလိုအရ စန္ဒဂုတ်ထီးနန်းတက်သောခုနှစ်သည်

သာသနာနှစ် (၁၆၂) ဖြစ်နိုင်ကြောင်း အထက်တွင်တွက်ပြခဲ့ပြီး ဖြစ်သည်။

ယခု ဂရိမှတ်တမ်းများကို အခြေခံ၍ ခန့်မှန်းတွက်ချက်ရရှိသော

ခရစ်ကြိုနှစ် (၃၂၁)ခုသည် စန္ဒဂုတ်ထီးနန်းရရှိသောခုနှစ်ဖြစ်သည်ဟု လက်ခံပါက

သာသနာနှစ် (၁၆၂) သည် ခရစ်ကြိုနှစ် (၃၂၁)ခုနှစ် ဖြစ်ပေမည်။

ဤသို့ဆိုသော်
ဗုဒ္ဓပရိနိဗ္ဗာန်ပြုရာကာလသည် (၃၂၁+၁၆၂)=ခရစ်ကြိုနှစ် (၄၈၃)ခုနှစ် ဖြစ်နိုင်ပေမည်။
ထိုအယူအဆအရ ဗုဒ္ဓဖွါးမြင်ရာကာလသည်

(၄၈၃+ ဗုဒ္ဓ၏သက်တော် ၈၀) = ခရစ်ကြိုနှစ် (၅၆၃)ခုနှစ် ဟု မှတ်ယူရပေမည်။


ဗုဒ္ဓပေါ်ထွန်းရာကာလကို ခရစ်ကြိုနှစ် (၅၆၃-၄၈၃) ဟု မှတ်ယူရခြင်းမှာ

မှန်းဆတွက်ချက်ထားခြင်းမျှသာ ဖြစ်ကြောင်းအထူးသတိရှိသင့်သည်။

ထို မှန်းဆ တွက်ချက်ထားချက်နှင့် ပတ်သက်၍

သံသယဖြစ်ဖွယ်အကြောင်းများလည်း ရှိနေသေးသည်။

သံသယဖြစ်ရသည့် ရှေးဦးအကြောင်းအချက်မှာ

သာသနာနှစ် (၂၁၈) တွင် အသောကမင်း ရာဇဘိသေက ခံယူခဲ့သည်ဆိုသော

ဝံသကျမ်းလာ ဖော်ပြချက်ပင် ဖြစ်သည်။

ဤအချက်ကို ပညာရှင်တချို့က ယုံမှားသံသယ ရှိကြသည်။

ဒုတိယအနေဖြင့် စန္ဒဂုတ်မင်းထီးနန်းရရှိသော ခုနှစ်သက္ကရာစ်မှာလည်း

မှန်းဆတွက်ချက်ထားခြင်းမျှသာ ဖြစ်သည်။
သမိုင်းအထောက်ထား အတိအကျမပြနိုင်သေးချေ။ ထို့ကြောင့်

နှစ်အနည်းငယ်ကွာခြားကြောင်း ကွာခြားနိုင်သည်။

တတိယ အချက်မှာစန္ဒဂုတ်ဘုရင်နှင့် ဗိန္ဒုသာရ၏ နန်းစံကာလ အသီးသီးကို

ဝံသကျမ်းများက ဖော်ပြချက်အတိုင်းသာ အမှန်ဟု လက်ခံထားရခြင်း ဖြစ်သည်။
ဤသို့သံသယဖြစ်ဖွယ် မှန်းဆထားချက်များကြောင့်

ဗုဒ္ဓပရိနိဗ္ဗာန်ပြုချိန် ကာလသည် ခရစ်ကြိုနှစ် (၄၇၇) မှ (၄၈၆/၄၈၇) အတွင်း

တစ်နှစ်နှစ် ဖြစ်နိုင်ဖွယ် ရှိပေသည်။
ဝံသကျမ်းများနှင့် ဂရိမှတ်တမ်းများကို အခြေခံပြီး၊ မှန်းဆတွက်ချက်ထားသော

အထက်ပါ တွက်နည်းအပြင် အခြားတွက်ချက်နည်းများလည်း ရှိပေသေးသည်။


အခြားတွက်ချက်နည်း တစ်ရပ်မှာ

ဇိန၀ါဒီ(Jains)တို့၏အစဉ်လာမှတ်သားထားချက်များကို  အခြေခံသည်

ဇိန၀ါဒီ (Jains) တို့၏ အစဉ်လာ၌ ဗုဒ္ဓ နှင့် ခေတ်ပြိုင် မဂဓဘုရင် ဗိဗ္မိသာရ မှစပြီး၊

အသောကတိုင်အောင် မဂဓဘုရင်အဆက်ဆက်၏ စာရင်းကို ဖော်ပြထားသည်။

ဝံသကျမ်းများအရ ဗိဗ္မိသာရ နှင့် အသောက၏ကြားတွင် အကြမ်းဖျင်းအားဖြင့်
နှစ်ပေါင်းနှစ်ရာခန့် ကြာသည်ဟု ယူဆနိုင်သော်လည်း ဇိန၀ါဒီ (Jains) တို့၏

အစဉ်လာအရမူ နှစ်ပေါင်း (၁၀၀) မျှသာ ကြာသည်ဟု ဆိုသည်။

ဤအဆိုကို အခြေခံထားပြီး တွက်ချက်ပါက ခရစ်ကြိုနှစ် (၃၈၆) ခန့်တွင်

ဗုဒ္ဓပရိနိဗ္ဗာန်ပြုခဲ့သည်ဟု မှတ်ယူဖွယ် ရှိပေသည်။

မြန်မာဗုဒ္ဓဘာသာဝင်တို့၏ အလိုအရ လက်ရှိသုံးစွဲနေသော မြန်မာတို့၏

ကောဇာသက္ကရာစ်သည် ဗုဒ္ဓပရိနိဗ္ဗာန်စံသောနှစ်ကို အခြေခံကာ

စတင်ရေတွက်လာခြင်း ဖြစ်သည်ဟု ဆိုသည်။
ဤသို့သော သာသနာနှစ် တပြေးညီရေတွက်ခဲ့ရာမှ


သရေခေတ္တရာပြည်၊ သုမုန္ဒရီမင်း လက်ထက်တွင်

ဒေါဒေါရသ ကိန်းအရ နှစ်ပေါင်း (၆၂၂) ကို ဖြိုခဲ့သည်။

ပုဂံပုပ္ပါးစောရဟန်းမင်း လက်ထက်တွင် ခဆပဉ္ဖ ကိန်းအရ

နှစ်ပေါင်း (၅၆၀) ကို ဖြိုခဲ့သည်။

နှစ်ရပ်ပေါင်း (၁၁၈၂) နှစ် ဖြိုခဲ့သည်။

ဤနည်းအရ တွက်ချက်သော်

လက်ရှိမြန်မာကောဇာသက္ကရာဇ် (၁၃၇၂ ခရစ် 2010)  သည်
သာသနာသက္ကရာဇ်အားဖြင့် (၁၃၇၂+၁၁၈၂) = ၂၅၅၄ ခုနှစ်ဖြစ်သည်။
ထိုတွက်ချက်နည်းအရ ဗုဒ္ဓပရိနိဗ္ဗာန်ပြုသောနှစ်ကို

ကမ္ဘာသုံးပြက္ခဒိန်နှစ်အဖြစ် ပြန်လည်ရှာဖွေသော်
(၂၅၅၄-၂၀၁၀) ခရစ်ကြိုနှစ် ၅၄၄ ဖြစ်ကြောင်း တွေ့ရှိရပေမည်။

ဤနည်းဖြင့် ဗုဒ္ဓဖွါးမြင်ရာကာလသည်

ခရစ်ကြိုနှစ် (၅၄၄+၈၀) = ၆၂၄ ဖြစ်ဖွယ်ရှိပေသည်။

ဤနည်းဖြင့် ဗုဒ္ဓပွင့်ပေါ်ရာကာလကို နည်းအမျိုးမျိုးဖြင့် တွက်ဆကြသည်။

အကြမ်းအာဖြင့်မူ၊ ခရစ်ကြိုနှစ် ( ၆ ) ရာစုသည် မဇ္ဈိမဒေသ၌

ဗုဒ္ဓဘာသာ သာသနာစတင်ထွန်းကားရာ ကာလဖြစ်သည်ဟု မှတ်ယူဖွယ် ရှိလေသည်။

မိစ္ဆာဒိဌိ ၆၂ ပါးအကျဉ်း

၁။ သဿတဒိဋ္ဌိ     =   ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ၀ိညာဉ် ၅ မျိုးတို့တွင် တစ်ပါးပါး

                                  ကို အတ္တ ဟု၎င်း၊  လောက ဟု လည်းကောင်း ယူပြီး၊ 

                                  ထို အတ္တ နှင့် လောကကို မြဲ၏ဟု ယူခြင်း ၄ ပါး။

၂။ ဧကစ္စသဿတဒိဋ္ဌိ      =  အတ္တ နှင့် သင်္ခါရကို အချို့မြဲ၊ အချို့မမြဲ ဟု ယူခြင်း ၄ ပါး။


 ၃။ အန္တာနန္တဒိဋ္ဌိ      =   ပဋိဘာက နိမိတ်ကို စကြာဝဠာအဆုံးတိုင်အောင်

                                      မပွါးမူ၍  ထိုပဋိဘာဂ နိတ်မိတ်ကို “လောက” ဟုယူကာ၊

                                လောက သည်အဆုံးရှိ၏ဟု ယူပြီး၊ ပဋိဘာကနိမိတ်ကို စကြ၀ဠာ

                                အဆုံးတိုင်အောင် ပွါးများ၍ လောကသည်အဆုံးမရှိ ဟု ယူခြင်း ၄ ပါး၊

၎။ အမရာဝိက္ခေပဒိဋ္ဌိ    =  ဧ၀န္တိပိ မေ နော စသော နည်းဖြင့် အဆုံးအပိုင်းအခြား

                                     ကင်းသော အယူစကားဖြင့် ပစ်ချခြင်း၊ တနည်း “အမရာ”

                               မည်သော ငါးသည် ငုပ်ခြင်းပေါ်ခြင်း အစွမ်းဖြင့် ရေ၌ပြေးသွား၍ ဖမ်းရန်မတတ်နိုင်

                               သကဲ့သို့၊ ဤ အမရာဝိက္ခေပ၀ါဒသည်လည်း ထိုမှ ဤမှပြေးသွား၍ ဖမ်းယူရန်

                               မလွယ်၍ “အမရာဝိက္ခေပ” ဟု ခေါ်သော အယူ ၄ ပါး။

၅။ အဓိစ္စသမုပ္ပန္နဒိဋ္ဌိ    =  အကြောင်းကင်း၍ ဖြစ်၏ ဟု ယူသောအယူ ၄ ပါး၊

၆။ ဥဒ္ဓမာဃာတနသညီဒိဋ္ဌိ  =  သေသည်မှ အထက်၌ သညာရှိ၏ ဟု ယူသော

                                                အယူ ၁၆ ပါး၊

၇။ ဥဒ္ဓမာဃာတနအသညီဒိဌိ   =  သေသည်မှ အထက်၌ သညာမရှိ ဟု ယူသော
                                                    အယူ ၈ ပါး။

၈။ ဥဒ္ဓမာဃာတန နေ၀သညီနာသညီဒိဋ္ဌိ  =  သေသည်မှ အထက်၌ သညာ ရှိသည်

                                                       လည်းမဟုတ်၊ သညာ မရှိသည်လည်း

                                                         မဟုတ် ဟု ယူသော အယူ ၈ ပါး။

၉။ ဥစ္ဆေဒဒိဋ္ဌိ       =        သတ္တ၀ါသေလျှင် ပြတ်၏ ဟုယူသောအယူ ၇ ပါး။

၁၀။ ဒိဌဓမ္မနိဗ္ဗာနဒိဋ္ဌိ   =   မျက်မှောက် ဤ အတ္တဘော၌ပင် ဒုက္ခငြိမ်း၏ဟု

                                      ယူသော အယူ ၅ ပါး။

                                  စုစုပေါင်း မိစ္ဆာဒိဌိ ၆၂ ပါး ဖြစ်သည်။
 

Thursday, 22 December 2011

ယောဂီလုပ်မည့်သူရဲ့ အရည်အချင်းများ



မောင်းထောင်မြေဇင်းတောရ ဆရာတော်ဘုရားကြီး၏ ဆုံးမစာပါ ကျမသိသလိုလိုနဲ့  မသိသေးပါ ဖတ်လိုက်မိတော့ အာရုံနဲ့ စိတ် မှာ သောမဏဿဝေဒနာကလေး ပေါ်လာပြီး မျှဝေပေးချင်လို့  ကူးယူဝေမျှလိုက်ပါသည် ။
အလွန်အေးငြိမ်းတဲ့ နိဗ္ဗာန်ချမ်းသာကြီးကို မျက်မှောက်ပြု ခံစားလိုသောယောဂီ ဟာသိက္ခာသုံးပါးကျင့်ဖို့ နဲ့  ကျင့်နိုင်အောင် အောက်ပါ အရည်အချင်း ၁၅မျိုး နှင့် ပြည့်စုံသူဖြစ်ရမည်။ မေတ္တာသုတ်ထဲမှာ ပါတယ်လေ ။ ရွတ်သာနေတယ် သေသေချာချာမသိလို့ပါ ။
၁ ။ သက္ကော - ဒီကမ္မဌာန်းအလုပ်ကို အဟုတ်လုပ်နိုင်သူ ဖြစ်ရမည် ။
၂ ။ ဥဇု - ကိုယ်ရောစိတ်ပါ မလိမ်ညာဘဲ မှန်ရာကို ပြောဆိုလုပ်ကိုင်နိုင်သူ ဖြစ်ရမည် ။
တရားလျှောက်ရင်လည်း လိမ်မလျှောက်ရဘူး ၊ ဟန်မလုပ်ရဘူး ။
၃ ။ သုဟုဇု - စိတ်ထဲမှာကိုက ရိုးသားဖြောင်မတ်သူဖြစ်ရမယ် ။ ရိုးတဲ့ဂုဏ်လောက် ကောင်းတာ
လောကမှာ ဘာမျှမရှိဘူး ။
၎ ။ သုဝစော - ပြောဆိုဆုံးမရင် နာလွယ်သူ ၊ နားထောင်တတ်သူ ဖြစ်ရမယ် ။ ပြန်မပြော
နားမထောင်မလုပ်ရဘူး ။ အရှင်သာရိပုတ္တရာ မထေရ်ကြီး က ကိုရင်လေးဆုံးမ
တာတောင် နာယူတယ် ။ ရှင်ရာဟုလာ ငယ်ငယ်က နံနက်တိုင်း သဲတွေ
လက်နဲ့ဆုပ်ပြီး ဒီသဲလုံးလေးတွေလောက် ဆုံးမမည့်သူ ရပါစေလို့
တောင့်တခဲ့တယ်တဲ့ ။
၅ ။ မုဒု - ကိုယ်နှုတ် ၊ နှလုံး သုံးပါးလုံး နူးညံ့ပျော့ပျောင်း သိမ်မွေ့  ယဉ်ကျေးသူဖြစ်ရမည် ။
တနည်းအားဖြင့် အလုပ်ခွင်မှာ သွက်လက်ပေါ့ပါးသူ ဖြစ်ရမည် ။
၆ ။ အနတိမာနိ - မာနမကြီးရဘူး ၊ မောက်မောက်မာမာ ထောင်ထောင်လွှားလွှား မရှိရဘူး ၊
နှိမ့်ချသူဖြစ်ရမယ် ။
ရ ။ သန္တုဿကော - ရသမျှ ၊ ရှိသမျှ နှင့် ရောင့်ရဲလွယ်သူ ဖြစ်ရမည် ။ ကိုယ့်ရှိတာလေးနှင့်
ကျေနပ်တင်းတိမ်ရမယ် ။
၈ ။ သုဘရော - မွေးမြူရလွယ်ကူသူ ၊ စားဝတ်နေမှု ပြုစုစောင့်ရှောက်ရလွယ်သူ လည်းဖြစ်စေရမယ် ။
ဘယ်ဟာစားရမှ ၊ ဘယ်လိုနေရမှ လို့ ဇီဇာကြောင်မှု မရှိရဘူး ၊ ကိုယ့်အတွက်
သူတစ်ဖက်သားအပေါ် တာဝန်မတက်စေရဘူး ။
၉ ။ အပ္ပကိစ္စော - ကြောင့်ကြဗျာပါရတက်တဲ့ အလုပ်ပိုတွေမရှိရဘူး ။ အမှုကိစ္စနည်းရမယ် ။
၁၀ ။ သလ္လဟုက၀ုတ္တိ - အသုံးအဆောင် ပရိက္ခရာ အ၀တ်အထည်ပို တွေမရှိရဘူး ။ အတောင်ပံသာလျှင်
ဝန်ရှိသောငှက်ကဲ့သို့  လွယ်ကူပေါ့ပါးတဲ့ မွေးမြူနေထိုင်မှုရှိသူလည်းဖြစ်ရမည် ။
ဒါမှထိမ်းသိမ်းစောင့်ရှောက် ပြုပြင်ရမှုတာဝန်တွေ ပေါ့မယ်။
၁၁ ။ သန္တိနြ္ဒိယော - အေးဆေးတည်ငြိမ်တဲ့ ကိုယ် နှုတ် အမူအရာ ရှိသူလည်းဖြစ်ရမယ် ။ ယောက်ယက်ခတ်
ပြာလောင်တာ ၊ ပူလောင်တာ ၊ ဂဏှာမငြိမ်ဖြစ်တာတွေ ကင်းရမယ် ၊ ကောင်းဆိုး
အာရုံအပေါ် တည်ငြိမ်ရမယ် ။
၁၂ ။ နိပကော - အရာရာမှာ ချင့်ချင့်ချိန်ချိန် မြော်မြော်မြင်မြင် နှင့် ဆင်ခြင်လုပ်ကိုင်နိုင်တဲ့
အသိဥာဏ်ရင့်ကျက်သူလည်း ဖြစ်ရမည် ။
၁၃ ။ အပ္ပဂဗ္ဘော - ကိုယ် နှုတ် စိတ် ရိုင်းပျခြင်း မရှိ ၊ ချေငံ ယဉ်ကျေး လိမ္မာသူ ၊ မရိုင်းစိုင်းသူလည်း
ဖြစ်ရမည် ။
၁၄ ။ ကုလေသွ နနုဂိဒ္ဓေါ - ဒကာ ဒကာမများအပေါ် ၊ မိသားစု ဆွေမျိုး မိတ်ဆွေများအပေါ် အလွန်အမင်း
မခင်တွယ်သူ ၊ သံယောဇဉ်မကြီးသူ လည်းဖြစ်ရမည် ။
၁၅ ။ န စ ခုဒ္ဒ မာစရေ ကိဉ္စိ ၊ ယေန ၀ိညူ ပရေ ဥပ၀ဒေယျုံ - ပညာရှိ သူတော်ကောင်များ ကဲ့ရဲ့ရှုတ်ချစရာ
ဆို၍ မည်မျှ သေးငယ်သော မကောင်းမှု ကိုသော်မျှ မပြုလုပ်သူလည်းဖြစ်ရမည် ။

ဤသို့မျှဝေရသော အကျိုးအားကြောင့် အထက်ပါ အချက်များနှင့် ပြည့်စုံအောင် ကျင့်ကြံပွားများ ကြိုးစားအားထုတ်နိုင်ရပါလို၏ ။


                                                   မှတ်ချက်။ တဆင့်ပြန်လည်ကူးယူမျှဝေပါသည်။

စိတ်အင်အားဖြည့်စကားစုများ


၁။ ကိုယ်ဘာလုပ်နေလဲ ကိုယ့်ကိုယ်ကို မကြာခဏ ပြန်လည်သုံးသပ်ပါ။ Analyse yourself often what you’re doing. ပြန်လည်သုံးသပ်မှုမရှိရင် ဘယ်အရာပဲဖြစ်ဖြစ် ရလာဘ်ကောင်းကို သိရှိနိုင်ဖို့ခဲယဉ်းလှပါတယ်။ ရလာဘ်ကောင်းတွေကို ပိုင်ဆိုင်ချင်ရင် ကိုယ်လုပ်နေတဲ့ လုပ်ရပ်၊ ကိုယ်လုပ်နေတဲ့ လုပ်ငန်းကို ပြန်လည်ဆန်းစစ်ပါ။ ရလာဘ်ကောင်းတွေ ပိုင်ဆိုင်မှုတွေ အောင်မြင်မှုတွေ ပိုတိုးလာပါလိမ့်မယ်။
၂။ ကျရှုံးခဲ့ရင်တောင် အောင်မြင်ဖို့ ထပ်ကြိုးစားလိုက်ပါဦး။
Strive to succeed Even if failure.
ကျရှုံးတယ်ဆိုတာ ကြိုးစားကြည့်ဖူးတဲ့သူတွေမှ ကြုံဆုံရင်ဆိုင်ကြရတာပါ။ အောင်မြင်ခြင်းအတွက် ရှုံးနိမ့်ကျရှုံးရခြင်းကိုတစ်ခါတစ်ရံလက်ခံရင်ဆိုင်ရမယ်အောင်မြင်မှုကိုလူတိုင်းက လိုအပ်ကြတယ်။ရပ်တန့်မနေဘဲ ထပ်ကြိုးစားကြည့်လိုက်ပါဦး။
၃။ အတိတ်ကအကြောင်းတရားတွေကို တတ်နိုင်သလောက်မေ့ထားပါ။ ယခုလက်ရှိ ပစ္စုပ္ပန် အကြောင်းကို သေသေချာချာ စဉ်းစားသုံးသပ်ပါ။
Try to forget past. Try to leave past. Consider present time.
ယခုလက်ရှိ အချိန်သည်သာပိုအရေးကြီးပါသည်။ ဖြစ်ခဲ့တာတွေ ဖြစ်ပြီးခဲ့တာတွေကို မေ့ထား ပစ္စုပ္ပန်တည့်တည့်ကိုရှုပါ။ ဆင်ခြင်ပါ။ စဉ်းစားပါ။ တန်ဖိုးထားပါ။
၎။ မနက်ဖြန်ဆိုတာ ရှိနေသေးရင် သင့်အတွက် မျှော်လင့်ချက်တွေရှိနေပါသေးတယ်။
There is ray of hope for you if tomorrow never die.
အားမလျော့ပါနဲ့၊ အားမငယ်ပါနဲ့၊ စိတ်ဓာတ်မကျပါနဲ့၊ လက်တွေ့ဆန်ဆန် လက်တွေ့ကျကျ လုပ်ဆောင်ပါ။မျှော်လင့်ချက်ကိုရင်မှာပိုက်ထား။မျှော်လင့်ချက်ဆိုတာ ဘဝပဲနော်။ ဘဝရဲ့ရှင်သန်ခြင်းတစ်မျိုးပေါ့။
၅။ မဆုံးဖြတ်ခင် စဉ်းစားပါ။
Think before decision.
စဉ်းစားနိုင်မှတော်ကာကြမယ်နော်။ ခဏလေး မစဉ်းစားနဲ့၊ များများ စဉ်းစားပေးပါ။ ဆုံးဖြတ်ချက်ကို အလျင်စလိုမချလိုက်ပါနဲ့။ အမှားတွေ့တတ်တယ်။
၆။ စဉ်းစားပြီးမှဆုံးဖြတ်ပါ။
Decide after thought.
မစဉ်းစားပဲဆုံးဖြတ်လိုက်တော့အမှားသံသရာလည်တာပေါ့။စဉ်းစားပြီးမှဆုံးဖြတ်ချက်ချတဲ့အကျင့်ကောင်းလေးကိုတော့မွေးမြူထားပါ။တစ်ချို့ဆိုအလွယ်တကူဆုံးဖြတ်ချက်ချမိလို့စည်းစိမ်ဥစ္စာတွေသာမက အသက်ပါဆုံရှုံးခဲ့ကြရသည်။အဲဒါဘာကြောင့်လဲဆိုတော့ပြန်စဉ်းစားကြည့်ရင်ဆုံးဖြတ်ချက် တစ်ခုမှားယွင်းသွားခဲ့လို့သာဖြစ်သည်။
၇။ ကိုယ့်ကိုယ်ကို နှိမ့်ချပါ။
Be humble yourself.
လူတွေဟာ အသားလွတ်ကြီး ဘဝင်မြင့် အောက်ချေလွတ်တတ်ကြတယ်။ မာနတွေထောင်လွှားကာ တစ်နေ့ မသေတော့မယ့် ဒီဇိုင်းမျိုးနဲ့ လုပ်တတ်ကြတယ်။ ဒီအပြုအမူမျိုးတွေကို ရှောင်ကြဉ်ပါ။ စိတ်ကိုအလှဆင်ကြပါ။ စိတ်ရဲ့အလှကို ဘယ်လိုအလှအပမျိုးကမှ ကမ္ဘာမှ ယှဉ်နိုင်ရိုးထုံးစံမရှိပါဘူ။ အလှဆုံးလူ ဖြစ်ချင်ရင် စိတ်ကို အလှဆင်နိုင်ပါစေ။
၈။ သူတစ်ပါးရဲ့ဝေဖန်မှုကို ခံယူတတ်ပါစေ။
You can be criticized.
ဝေဖန်ပြောဆိုမှုတွေကိုစိတ်ရှည်ရှည်ထားပြီးခံယူပါ။ဒီဝေဖန်မှုတွေကိုလူတိုင်းခံယူနိုင်ကြတာချည်းမဟုတ်ပါဘူး။ခံနိုင်ရည်ရှိကြသူတွေအတွက်တော့သင်ခန်းစာကောင်းတွေချည်းပါပဲ။ဝေဖန်မှုကိုလက်ခံပြီး ပြန်သုံးသပ်ပါ။
၉။ ကိုယ့်ကိုယ်ကို အားကိုးပါ။
Depend on yourself. Rely on your own foot.
လူကြီးသူမတွေရဲ့ စကားကို အကြွင်းမဲ့မယုံလေနဲ့ဆိုတဲ့ စကားသည် ကိုယ့်ကိုယ်ကို အားကိုးစေချင်ကြောင်းကို အဓိက ညွှန်းဆိုနေတယ်လို့ထင်ပါတယ်။ လူမှာ အမှားအမှန်ကို ခွဲခြားသိမြင်နိုင်တဲ့အသိဥာဏ်ရှိတယ် အဲဒါကြောင့်သူတစ်ပါးကိုအမြဲတမ်းအားမကိုးစေလို သူတစ်ပါးကို အားကိုးလွန်းအားကြီးလျှင် အဇာတသတ် မင်းသားလိုဖခင်ကိုပြန်သတ်မိတဲ့အထိ အမှားကြီးမှားကာ မိုက်တွင်းနက်သွားနိုင်ပါတယ်။
၁၀။ အမှန်တရားကို ရှာဖွေပါ။
Seek the truth.
အမှန်တရားကိုရှာဖွေမိတော့ချမ်းသာစစ်ကိုရတာပေါ့။အမှန်တရားကိုလူတိုင်းမြတ်နိုးတန်ဖိုး
ထားကြသည်။ ချမ်းသာစစ်ကိုရှာဖွေတတ်ကြပါ။

                           ဒကာလေး ..အာကာမင်းရဲ့ လက်ရာလေးပါ...

ဝန်တိုခြင်းနှင့်နိဂုံး



ဝန်တိုခြင်းနှင့်နိဂုံး တခါတုန်းကပေါ့ လူတစ်ယောက်ဟာ ဘ၀ရဲ့ကုသိုလ်ကံအကြောင်းကြောင်းကြောင့် ကင်ဆာရောဂါနဲ့ ဆေးရုံမှာ တက်ရောက်နေခဲ့ရတယ်။

ကင်ဆာရောဂါဝေဒနာရှင်ဟာ သူ့ရောဂါဟာ ၆ လ အများဆုံး ၁နှစ်ပဲနေရတော့မှာကိုလည်း သိရရော စိတ်ဓါတ်တွေ အကြီးအကျယ်ကျဆင်းခဲ့တာပေါ့။ သူများထူပေး၊ ထပေးမှ ထိုင်နိုင် ထနိုင်တဲ့အခြေအနေ ကိုလည်းရောက်နေခဲ့ရတယ်။ ဒါပေမယ့်လည်း ဆေးရုံမှာနေရင်း သက်သာလို့သက်သာငြား ဆိုပြီး ကုသမှုခံယူနေခဲ့တယ်။ အသက်ဆက်ရှင်ချင်တဲ့စိတ်လေးက ရှိနေခဲ့တာကိုး။။

တနေ့မှာ သူတက်နေတဲ့ ဆေးရုံ၊ သူတက်နေတဲ့အခန်းထဲကို လူတစ်ယောက်အဆုတ်နာရောဂါနဲ့ ရောက်ရှိ လာခဲ့တယ်။ အဲ့ဒီလူရဲ့မျက်နှာဟာ ရောဂါဝေဒနာကို မသက်မသာခံစားနေရတဲ့ရုပ်လည်းမပေါက်ဘူး။ အခန်းထဲ ကို ရောက်ရောက်ချင်းပဲ

“မိတ်ဆွေကြီး နေရ ထိုင်ရတာ အဆင်ပြေရဲ့လားဗျ”လို့ နှုတ်ဆက်လိုက်တယ်တဲ့။

ကင်ဆာရောဂါသည်ကတော့ “ဒီလူ ဘယ်လိုလူပါလိမ့် ၊ ဆေးရုံတက်ပါတယ်ဆိုမှ အဆင်ပြေမလား” ဆိုပြီး မကောင်းတဲ့ဘက်ကပဲ တွေးတောပြီး နှုတ်ဆက်စကားကိုလည်း သေချာပြန်မပြောလိုက်ဘူးတဲ့။

ဒါပေမယ့် ကိုယ်နဲ့နေ့စဉ်တွေ့ပြီး စကားပြောဖော်ဖြစ်လာတော့လည်း စကားပြောရတာ အဆင်ပြေလာခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဆုတ်နာရောဂါသည်ဟာ အရာရာကို အကောင်းဘက်က မြင်ပေးပြီးတော့ စကားပြောလည်း တယ်ကောင်းသကိုး။

ဒါနဲ့ ပြောရအုံးမယ် သူတို့နှစ်ယောက်ရဲ့ နေရာအနေအထားကို။

သူတို့နှစ်ယောက်နေတဲ့ လူနာခန်းလေးက ၂ ယောက်စာအခန်းလေးပါ။ ၂ ယောက်စာ ခန်းလေးဆိုတော့ ပြတင်းပေါက်လေးက တစ်ပေါက်ပဲရှိတာပေါ့။ အုတ်နံရံနဲ့အခြမ်းရယ်။ ပြတင်းပေါက်ပါတဲ့ အခြမ်းရယ်ပေါ့။ ကင်ဆာရောဂါသည်က အရင်ဆေးရုံပေါ်ရောက်နေတာဆိုတော့ သူ့ရဲ့ စိတ်ကြိုက်နေရာရွေးချယ်ခွင့်ရခဲ့ တာပေါ့။ သူရွေးချယ်တဲ့နေရာက နံရံနဲ့ကပ်လျက်အခြမ်းလေးပေါ့။ အဲ့ဒီဘက်အခြမ်းကကုတင်က  နေရာလေးလည်း ပိုကျယ်တယ်။ အမှီလေးနဲ့ရေတာလည်းအဆင်ပြေဆိုတော့ နံရံဘက်အခြမ်းလေးကို ရွေးချယ်ထားလိုက်တာပေါ့။ ဒါဆို ကျန်တဲ့ပြတင်းပေါက်ဘက်က နေရာလေးကတော့ ပြောစရာမလိုပဲ နောက်ရောက်လာတဲ့ အဆုတ်နာဝေဒနာသည်က နေရတော့တာပေါ့။

ဒီလိုနဲ့နေလာလိုက်တာ ရက်အနည်းငယ်ကြာတော့ သူတို့နှစ်ယောက်တော်တော်ကို ရင်းနှီးနေကြပြီ။ တစ်ယောက်နဲ့တစ်ယောက်လည်း စကားအပေးအယူတွေလည်းတည့်လို့ပေါ့။ တစ်ယောက်ဝေဒနာကို တစ်ယောက်နှစ်သိမ့်ရင်း အားပေးနေလာကြတယ်။

ညဘက်ရောက်ရင် အိပ်လိုက်ကြ။ ငယ်ဘ၀အကြောင်းလေးတွေပြောလိုက်ကြနဲ့ သူတို့နှစ်ယောက် အဆင်ပြေ နေကြပေမယ့် ကြာတော့ နေ့ဘက်ရောက်ရင် ပြောစရာစကားတွေလည်း ရှာကြံရတော့တာပေါ့။ ဒီတော့ ပြတင်းပေါက် ဘက်ခြမ်းက အဆုတ်နာဝေဒနာရှင်က သူက ပြတင်းပေါက်နားနီးတော့ ပြတင်းပေါက်ကနေ ကြည့်ပြီးတော့ ဆေးရုံပြင်ပ မြင်ကွင်းကို ပြောပြသတဲ့။ အခန်းထဲမှာပဲ အနေကြာလာတော့ ပြင်ပက အကြောင်းလေးတွေကို သိချင် မြင်ချင်လာကြတာကိုး။

အဆုတ်နာဝေဒနာရှင်ဟာ အပြောကလည်းကောင်းဆိုတော့ ကင်ဆာရောဂါဝေဒနာရှင်ဟာသူ့ရောဂါကိုတောင် တခါတလေမေ့နေတယ်တဲ့။

အဆုတ်နာဝေဒနာရှင်ပြောပြတဲ့ ပြတင်းပေါက်အပြင်ဘက်က အကြောင်းတွေကတော့

“ရှင်လောင်းလှည့်လာလိုက်တာဗျာ။ ရှင်လောင်းလေးက မြင်းကိုစီးလို့ ကျော့ကျော့မော့မော့လေး။ အိုးးးး ရှင်လောင်းအမေဆိုတာလည်း ပရိက္ခရာတွေရွက်လို့ ပျော်နေလိုက်တာ။ ရှင်လောင်းဖခင်ကတော့ ပီတတွေ ဖြာနေတဲ့မျက်နှာမျိုးပေါ့။ ကွမ်းတောင်ပန်းတောင်တွေကိုင်ထားလိုက်တဲ့ လှပျိုဖြူတွေကလည်း ချောသဗျာ” “အိုးစည် ဒိုးပတ်တွေကလည်း မြိုင်ဆိုင်သကိုး”

ကင်ဆာဝေဒနာရှင်မှာတော့ သူပြောတဲ့ ရှင်လောင်းပွဲက အိုးစည်သံ ဒိုးပတ်သံတွေကို မကြားရပေမယ့် ကိုယ်တိုင်မြင်နေရသလိုမျိုးဖြစ်လာတယ်တဲ့။ ရှင်လောင်းပွဲရဲ့ အပျော်တွေလည်း ကူးစက်လာခဲ့တယ်။

တခါတလေတော့ ပြတင်းပေါက်အပြင်က မြင်ကွင်းတွေက ဆန်းကျယ်ပြီး လှပနေပြန်တယ်။

“ဒီနေ့တော့ အပြင်က ရေကန်လေးထဲမှာ ငန်းတွေတောင် ရေလာကူးနေကြပါလား။ ကြာပန်းတွေလည်း ဒီနေ့ ပွင့်နေပြန်ပြီ။ ပန်းရနံ့လေးနဲ့ ရေကန်လေး တယ်ကဗျာဆန်သကိုးဗျ”

ခုလိုမျိုးလေးလည်း ကြည်နူးစရာဖြစ်အောင် ပြတင်းပေါက်ဘေးကနေ ငေးပြီးတော့ အပြင်က မြင်ကွင်းလေးကို ပြောပြတတ်သတဲ့လေ။

ကင်ဆာဝေဒနာရှင်ခမျာ ဒီလိုမြင်ကွင်းလေးကို တဖြေးဖြေးနဲ့မြင်ချင်လာတယ်။

“အိုး ဟိုးးးးးးး ဒီနေ့တော့ ကလေးငယ်လေးတွေ မြက်ခင်းပြင်မှာလာ ပြေးလွှားကစားနေလိုက်ကြတာဗျာ။ အပြစ်ကို ကင်းစင်လို့။ ပျော်ရွှင်စရာကြီးဗျို့။ ကျနော်တို့ ငယ်ဘ၀ ကျန်းမာစဉ်ဘ၀လေးကိုတောင် ပြေးလို့ မြင်ယောင်မိတယ်ဗျာ”

ဒီလိုအခါမျိုးမှာတော့ ပိုလို့တောင် ကင်ဆာဝေဒနာရှင်ခမျာ ပြတင်းပေါက်ဘေးက မြင်ကွင်းကို ကြည့်ချင်မိခဲ့ တယ်။ အဆုတ်နာသမားပြောပြတဲ့ မြင်ကွင်းတွေက တယ်လည်းပီပြင်နေတာကိုး။ ဒီလိုပျော်စရာကောင်းတဲ့ မြင်ကွင်းမျိုးနဲ့ဝေးကွာခဲ့တာလည်း ကြာပြီပေါ့။

“ချစ်သူစုံတွဲတွေများဗျာ လက်ချင်းယှက်လို့ ပြုံးလို့။ ပျော်လို့ လမ်းလျှောက်နေလိုက်ကြတာ။ ထီးတစ်လက် ကိုနှစ်ယောက်ဆောင်းလို့ဗျာ” ဆိုတာမျိုးလေးတွေလည်း ပါသေး။

ကင်ဆာဝေဒနာရှင်အတွက် ဒီပြတင်းပေါက်နားက ကုတင်ကို မယူမိလေခြင်းဆိုတဲ့နောင်တတွေ တနေ့ထက် တနေ့ပိုလို့ရနေတော့တယ်။ အမှန်တော့ အဆုတ်နာရောဂါသည်ဟာ ပြတင်းပေါက်နားက မြင်ကွင်းကို သူ့အခန်းဖော်သိပါစေ။ ပျော်ရွှင်မှုတွေ ကူးယူရရှိပါစေဆိုတဲ့စေတနာတစ်ခုတည်းနဲ့ ပြောပြနေခဲ့တာပါ။ ဒါပေမယ့် အခန်းဖော်ကင်ဆာဝေနာရှင်ကတော့ ထိုကုတင်(ပြတင်းပေါက်နားက ကုတင်)ကိုပဲ လိုချင်နေပြီ။

တစ်နေ့ထက်တစ်နေ့လည်း ပိုပိုလိုချင်စိတ်များလာခဲ့တယ်။ ဘယ်လိုနည်းနဲ့ အဲ့ဒီကုတင်ကို ရယူရမလဲဆိုတာ ကိုလည်း စဉ်းစားနေခဲ့တယ်။ ကုတင်ပြောင်းမယ်လို့ပြောရအောင်လည်း အားနာနေရသေးတယ်။ ပြီးတော့ ကိုယ်ကိုယ်တိုင်က စိတ်ကြိုက်ရွေးချယ်ခဲ့တဲ့နေရာ။ ဒီလိုရှုခင်းမျိုးရှိတာကို ဆေးရုံစတက်ကတည်းက သေချာ ကြည့်ထားလိုက်ရမှာ။ ဆေးရုံတက်စတုန်းက ဝေဒနာသည်းနေချိန်မို့လို့ ပြတင်းပေါက်လည်း ဂရုမစိုက်နိုင်ခဲ့ ရဘူး။ ပြီးတော့ တခြားသူထူပေးမှ ထနိုင်တဲ့ ကိုယ့်အခြေအနေနဲ့ဆိုတော့ ။။။ ခက်တာပဲ။

လူဆိုတာမျိုးကလည်း ခက်သားပဲ။ လိုချင်တာတစ်ခုရှိလာပြီဆိုရင် မရနိုင်ဘူးဆိုမှ ပိုလိုချင်တာမျိုး။ ခုလည်း ဒီလောက်ခင်မင်နေတာကို တပေါက်တည်းရှိတဲ့ ဒီပြတင်းပေါက်နားက ကုတင်ကို ငါ့ကိုပေးဆိုပြီး လုယူတာမျိုး ကလည်းမဖြစ်နိုင်ဘူး။ ဘယ်လိုလုပ်ရပါ့မလဲ

အဲ့ဒီနေ့က မှတ်မှတ်ရရပေါ့။ ကင်ဆင်ရောဂါရှင်ဟာ စကားကိုလည်း ဖြစ်ဖြစ်မြောက်မြောက်အရင်ကလို မပြောနိုင်ဘူး။ သူ့မှာအတွေးတွေနဲ့ကိုး

ဒီလိုနဲ့ ညဘက်ရောက်လာပါလေရော။ အဲ့ဒီညမှာ အဆုတ်နာဝေဒနာရှင်ဟာ ရောဂါထဖောက်ပါတော့တယ်။

“အဟွတ် အဟွတ်”နဲ့ဆိုးလိုက်တဲ့ချောင်းဆိုတာလည်း မရပ်မနားပါပဲ။ အစကတော့ ကင်ဆာရောဂါသည်ဟာ မနိုးပါဘူး။ နောက်ချောင်းသံတွေ အဆက်မပြတ်ကြားလာတော့ နိုးလာပါတော့တယ်။

တော်တော်ကို အခြေအနေဆိုးနေတဲ့အနေအထားပါ။ အဆုတ်ထဲက ချွဲတွေဟာ အဆက်မပြတ်တက်လာ ပြီး ချောင်းတွေတရစပ်ဆိုးနေတယ်။ ချွဲတွေတက်လာပြီး အသက်ရှူလမ်းကြောင်းကို ပိတ်ဆို့နေတဲ့အတွက် စကားလည်း ပီသအောင်တောင်မပြောနိုင်တော့ဘူး။ တော်တော်ကို ဝေဒနာကို ပြင်းပြင်းထန်ထန်ခံစားနေခဲ့ ရပါတယ်။

ကင်ဆာဝေဒနာရှင်ဟာ နိုးလာတော့ အခန်းဖော်ရဲ့ အနေအထားကိုတွေ့ရှိခဲ့ပါတယ်။ အခြေအနေဆိုးနေတယ် ဆိုတာကိုလည်း သိရှိခဲ့ပါတယ်။ ဒီအချိန်မှာ သူ့အတွေးတွေက ပြတင်းပေါက်ဆီကို ရောက်နေခဲ့တယ်။ အဆုတ်နာဝေဒနာရှင်ဟာ လက်တွေကိုလည်း အားယူပြီး လှုပ်နေတာမြင်နေရတယ်။ သူ့လက်တွေဟာ အရေးပေါ်လူခေါ်ဘဲလ်ဆီကို နှိပ်ဖို့ အားယူနေတာကိုလည်း မြင်နေရပါတယ်။ အသက်ရှူလမ်းကြောင်းမှာ ချွဲတွေပိတ်နေလို့ လူက ပင်ပန်းနေတာက တကြောင်း ထိုလူဟာ ဝေဒနာကြောင့် လက်တွေဟာ ဘဲလ်ဆီကို မရောက်တာက တစ်ကြောင်းနဲ့ အဆုတ်နာဝေဒနာသည်ဟာ ဘဲလ်ဆီကို လုံးဝမလှမ်းနိုင်ခဲ့ပါဘူး။

အဲ့ဒီအချိန်မှာ အဆုတ်နာဝေဒနာသည်ဟာ တဖက်ကုတင်က ကင်ဆာသမားဆီ လှမ်းပြီး အားကိုးတကြီး ကြည့်နေရှာပါတော့တယ်။

ဒါကိုသိတဲ့ ကင်ဆာသမားရဲ့လက်တွေဟာ စောင်ကို ခေါင်းထိဆွဲခြုံလိုက်မိတယ်။ (လူနာကုတင်တစ်လုံးစီမှာ အရေးပေါ်လူခေါ်ဘဲလ်တစ်ခုစီ ရှိပါတယ်)။ အဆုတ်နာသမားကတော့ ကင်ဆာသမားကို အားကိုးတကြီးနဲ့ ဘဲလ်နှိပ်ပေးဖို့ အကူအညီတောင်းတဲ့အကြည့်နဲ့ကြည့်ခဲ့တာပါ။ ဒါကို ကင်ဆာသမားကလည်း သိပါတယ်။ သိလို့လည်း စောင်ကို ခေါင်းထိ ဆွဲခြုံလိုက်တာပေါ့။ အကူအညီတောင်းတဲ့ အကြည့်ကို သူမမြင်ချင်လို့ပါ။ သူမြင်ချင်တာက ပြတင်းပေါက်နားက ကုတင်လေ။

စောင်ကို ခေါင်းထိခြုံထားရင်းနဲ့ အဆုတ်နာသမားရဲ့ ချောင်းဆိုးသံကို သူ(ကင်ဆာသမား)နားထောင်နေခဲ့ ပါတယ်။ ချောင်းဆိုးသံကလည်း မချိမဆန့်နဲ့၊ အသက်ကိုမနည်းလုယက်ရှူနေရတဲ့အသံနဲ့ ၂ယောက်ခန်းလေး ထဲမှာ ၁ နာရီနီးပါးလောက် ကြားနေခဲ့ရ ပါတယ်။ နောက်တော့ တဖြေးဖြေး တဖြေးဖြေးနဲ့ ချောင်းဆိုးသံ အသက်ပြင်းပြင်းရှူသံ တွေဟာ ထိုဆေးရုံရဲ့ ထို၂ယောက်ခန်းလေးထဲကနေ အပြီးတိုင် ပျောက်ကွယ်သွား ပါတော့တယ်။

ကင်ဆာသမားဟာ ဒီလိုနဲ့ အာရုဏ်တက်ချိန်ကို စိတ်ရှည်ရှည်နဲ့ဖြတ်ကျော်လိုက်ပါတယ်။ မနက်မိုးလင်းတော့ သူနာပြုဆရာမနဲ့ တာဝန်ခံဆရာဝန်တွေဟာ လှည့်လည် စစ်ဆေးချိန်မှာတော့ အသက်နဲ့ဝိညဉ်ခန္ဓာလုံးဝ ကွဲကွာနေပြီဖြစ်တဲ့ အဆုတ်နာရောဂါဝေဒနာရှင် သူ့ရဲ့အခန်းဖော်ကို တွေ့ရှိခဲ့ရပါတော့တယ်။

ကင်ဆာသမားဟာ အခန်းဖော်ဘယ်လိုဖြစ်တယ်ဆိုတာ ညကတည်းက သိပြီးသားပါ။ ဒါပေမယ့် အလောင်းကို တာဝန်ရှိတဲ့သူတွေ သယ်သွားပြီးတဲ့အထိ စောင့်ရတာကိုပဲ သူ့အတွက်ကြာလှပြီလေ။ သူ့မှာ မမြင်ရတာ ကြာပြီဖြစ်တဲ့ ဆေးရုံပြင်ပ ပြတင်းပေါက်မြင်ကွင်းကို ကြည့်ချင်လှပြီ။ သူဟာ နောက်ဆုံးတော့ ဟန်တောင် မဆောင်နိုင်ပဲ အလောင်းကိုရွှေ့ပြီးပြီးချင်းမှာပဲ သူနာပြုဆရာမလေးကို အကူအညီတောင်းလို့ ပြတင်းပေါက် ဘေးက ကုတင်ကို ရွှေ့ခိုင်းလိုက်ပါတော့တယ်။

သူနာပြုဆရာမလေးကလည်း သဘောမနောကောင်းစွာပါပဲ ကင်ဆာရောဂါသည်ကို ကူညီလို့ ၀န်ထမ်း တစ်ယောက်နဲ့ ချက်ချင်းပဲ ရွှေ့ပေးခဲ့ပါတယ်။ ခုမှပဲ သူ့ရဲ့ စိတ်ထဲက ဝေဒနာ(ပြတင်းပေါက်မြင်ကွင်းကို ကြည့်ချင်တဲ့ဝေဒနာ)လည်း ပေါ့ပါးသွားတော့တာပါပဲ။

ကုတင်ပေါ်ကိုရောက်တော့လူတွေလည်းအကုန်အပြင်ထွက်ကုန်ရောကြည့်ချင်လွန်းတဲ့မြင်ကွင်း ကိုမမြိုသိပ် တော့ပဲ အနည်းငယ် ကိုယ်ကို အနာခံလို့ ခပ်စောင်းစောင်းလေးပဲ ပြတင်းပေါက်ဘက်ကို ရွှေ့ပြီး ကြည့်လိုက်မိတယ်။

လား လား   မြင်လိုက်ရတဲ့မြင်ကွင်းက

ဘာမှမရှိပါ။ ဆေးရုံကို ကာရံထားတဲ့ အဖြူရောင်ဆေးတွေသုတ် ထားတဲ့ အုတ်တံတိုင်းနံရံကြီးပဲ။ ဘာဆို ဘာမှ မရှိတဲ့ မြင်ကွင်း ပြင်ကြီးပဲ

“ဘယ်မှာလည်း ရေကန်သာနဲ့ ကြာတွေပြည့်နေတဲ့ မြင်ကွင်း၊ ဘယ်မှာလဲ ကစားပျော်ပါးနေမယ့် ကလေးငယ် တွေ။ ဘယ်မှာလဲ လက်ချင်းချိတ်ပြီး ကူးလူးသွားလာနေတဲ့ ချစ်သူစုံတွဲတွေ၊ ဆေးရောင်စုံတွေခြယ်ထားတဲ့ ပန်းချီကားလိုမျိုး မြင်ကွင်းတွေ ဘယ်မှာလဲ”

သွားပြီ အဆုတ်နာရောဂါသမားပြောတဲ့ မြင်ကွင်းတွေဘယ်မှာလဲ ပျောက်ကုန်တာလား။ အစတည်းက အလိမ် အညာတွေလား။ ဒါမှမဟုတ် သူ့ရဲ့မကောင်းတဲ့စိတ်ထားကြောင့် အားလုံးပျောက်ကုန်တာလား။ ဘယ်လိုတွေ ဖြစ်ကုန်တာပါလိမ့်။

ဒီတခါလည်း သူနာပြုဆရာမလေး လာတဲ့အချိန်ကိုစောင့်လို့ သူဟာ သိချင်နေတာတွေမေးပါတော့တယ်။

သူ့ကို ဘာလို့ သွားလေသူသူငယ်ချင်းက မဟုတ်မမှန်တာတွေပြောခဲ့တာလဲပေါ့။

သူနာပြုဆရာမလေးက ပြုံးပြီးပြန်ပြောရှာတယ်

“သူဟာ (အဆုတ်နာရောဂါရှင်၊ကွယ်လွန်သူ)လုံးဝမျက်စိမမြင်ရှာပါဘူး။ သူနဲ့ဘ၀တူခြင်း ရောဂါသည်ချင်း၊ ဝေဒနာသည်ချင်းအတူတူဆိုပြီး မပျင်းရအောင်၊ အပြင်က မြင်ကွင်းတွေကို စိတ်ထဲကနေ ပုံဖော်ပြီး ရှင့်ကို စိတ်ချမ်းသာစေချင်တဲ့စိတ်နဲ့ပြောခဲ့တာဖြစ်ပါလိမ့်မယ်ရှင်။ သိပ်စိတ်ကောင်းရှိတဲ့သူပေါ့။ ခုတော့ သွားရှာပြီပေါ့ ရှင်။ဘ၀ဆိုတာ ဒီလိုပါပဲ”တဲ့

သူဟာ (အဆုတ်နာရောဂါရှင်၊ကွယ်လွန်သူ) လုံးဝမျက်စိမမြင်ရှာပါဘူး။ သူနဲ့ဘ၀တူခြင်း ရောဂါသည်ချင်း၊ ဝေဒနာသည်ချင်းအတူတူဆိုပြီး မပျင်းရအောင်၊ အပြင်က မြင်ကွင်းတွေကို စိတ်ထဲကနေ ပုံဖော်ပြီး ရှင့်ကို စိတ်ချမ်းသာစေချင်တဲ့စိတ်နဲ့ပြောခဲ့တာဖြစ်ပါလိမ့်မယ်ရှင်။

ခုတော့ စိတ်ကလေးနဲ့တောင် မှန်းပြီး ကင်ဆာသမားခမျာ စိတ်မကြည်နူးရတော့ပါဘူး။ ဒီလိုစိတ်နဲ့ပဲ သူဟာ မစားနိုင်၊မအိပ်နိုင်နဲ့ အသက်ရှင်ခွင့်ကိုတောင် လက်လွှတ်ဆုံးရှုံးခံလိုက်ချင်တဲ့အထိ စိတ်ဓာတ်တွေကျဆင်း လာခဲ့ရပြီး ၆ လ ၁ နှစ်အသက်ရှင်ရမယ့်လူဟာ နောက် ၁၀ ရက်ကျော်ကြာတဲ့အခါမှာ စိတ်ဝေဒနာပါ ဖိစီးပြီး ရောဂါသည်းလို့ လူ့လောကကြီးနဲ့ အဝေးဆုံး၊ သူမုန်းတဲ့ ပြတင်းပေါက်မရှိတဲ့ နံရံကြီးနဲ့ အဝေးဆုံးကို ထွက်သွားပါတော့တယ်

ဒီစာလေးကို ဖတ်ဖူးတာကြာပါပြီ။ ဒါပေမယ့် သူငယ်ချင်း ၂ယောက်ရဲ့ ၀န်တိုမှုလေးကိုမြင်တွေ့ရပြီး ပြန်ရေးချင် မိတဲ့စိတ်လေးပေါ်လာမိလို့ပါ။ ဒီပို့စ်လေးကိုဖတ်ပြီး တစ်ခုခုခံစားလိုက်ရတယ်ဆိုရင်…………



Reference : ဆရာအတ္တကျော်ရဲ့ နေပျော်တဲ့ဘ၀ ကြည်မြတဲ့ဘ၀င် ရွှင်လန်းတဲ့စိတ် စာအုပ်လေးမှ