Tuesday 3 January 2012

တောင်းကြီးကို ပြန်ယူလာပါ ....


မိဘတို့သည် သားသမီးများကို သွန်သင်ဆုံးမ၊ လမ်းညွှန်ပြရာ၌ ဆိုဆုံးမ ရုံသာမဟုတ်ဘဲ စံနမူနာများဖြင့်ပါ ပြသပေးရမည်။ သူတို့၏ တာဝန်များနှင့် ဝတ္တရားများကို မည်သို့ဖြည့်ကျင့်ရသည်ကို သူတို့အား သင်ပြပေးပါ။ လူကြီးများနှင့် မိဘများကို မည်သို့ကျေးဇူးဆပ်ရသည်ကိုလည်း ညွှန်ပြပေးပါ၊ စံနမူနာဖြင့် သင်ကြားပေးခြင်းကို ကလေးတို့က အကောင်းဆုံးသင်ယူနိုင်ကြပြီးလျှင် အကောင်းဆုံးမှတ်မိကြသည်။

            တစ်ချိန်က ငယ်ရွယ်သောဇနီးမောင်နှံတစ်စုံသည် ခင်ပွန်၏ ဖခင်နှင့် အတူနေထိုင်ကြ၏ ။ ဤအဘိုးအိုသည် အလွန် ဒုက္ခပေးသူဖြစ်၏ ၊အမြဲလိုလိုစိတ်တိုပြီး မရပ်မနားညည်းညူဆူပူနေလေ့ရှိ၏။ နောက်ဆုံး၌ ထိုဇနီးမောင်နှံသည် အဘိုးအိုကို စွန့်ပစ်ရန် ဆုံးဖြတ်လိုက်၏ ။ ခင်ပွန်းဖြစ်သော ယောကျာ်းသည် သူ့ဖခင်ကို တောင်းကြီးတစ်လုံးထဲတွင်ထည့်ပြီးလျှင် တောင်းကို ပခုံးပေါ်တင်၍ထမ်း၏ ၊ အိမ်မှ ထွက်ခွါမည်ပြုစဉ် ဆယ်နှစ်သားအရွယ်ရှိ သူ၏ သားငယ်ကမေးလိုက်၏­=အဖေ….အဘိုးကိုဘယ်ယူ သွားမလို့လဲ?

        ဟိုး…..တောင်များပေါ်မှာ သူ့ ဘာသာသူရပ်တည်နေထိုင်ဖို့အတွက် အဘိုးအိုကို တစ်အောင့်ကြာအောင် သွားပို့ထားမယ်…ဟု အဖေက ရှင်းပြ၏။

        သူ့ဖခင်က အဘိုးအိုကိုထမ်း၍ ထွက်ခွါသွားစဉ်….သားငယ်သည် တိတ်ဆိတ်စွာ စောင့်ကြည့်နေ၏၊ ထို့နောက် ရုတ်တရက်အော် ပြောလိုက်၏---အဖေ….အဲဒီ တောင်းကြီးကိုပြန်ယူလာဖို့ မမေ့နဲ့နော်….။
      ထိုအမျိုးသားသည် အံ့အားသင့်ပြီး ခြေလှမ်းရပ်ဆိုင်းသွား၏ ။ထို့နောက် -ဘာကြောင့်လဲ?..ဟုသားကိုမေးလိုက်၏ ။

     အဖေကိုယ်တိုင် အိုမင်းလာတဲ့ အခါ အဖေ့ကိုတောင်းထဲထည့်ပြီး တောင်ပေါ်များဆီသွားပို့ဖို့ တောင်းကို ကျွန်တော်လိုပါလိမ့်မယ်-ဟု သားက ပြန်ပြော၏ ။ ထိုအခါမှ စ၍ သူ့ဖခင်ကို ကောင်းစွာပြုစုပြီးလျှင် ဖခင်လိုအပ်သမျှကို ဖြည့်ဆည်းပေးလေး၏ ။
      အမြင်ကျဉ်းမြောင်းကြသော မိဘအချို့ရှိကြပါသည် ။ သူတို့သည် အချို့သော မကောင်းမှုများကို ကျူးလွန်ကြပြီးလျှင် အိမ်၌ကြမ်းတမ်းသည့်စကားများကို သုံးနုန်းကြ၏ ။
       မိဘများသည် မိမိတို့၏ကလေးများရှေ့မှောက်၌ တစ်စုံတစ်ခုကိုပြုလုပ်လျှင် အထူးသတိထားသင့်ကြပါသည် ။ကလေးငယ်တို့က အတုမြင် အတတ်သင်ကြမည်ဖြစ်၍ စံနမူနာမပြကြပါနှင့် ။
          ကလေးများကို ပြုစုပျိုးထောင်ပုံကို ဖွဲ့နွဲ့ထားသော အောက်ပါကဗျာသည် ကလေးများကိုပျိုးထောင်ရန် နည်းပညာအဖြစ် လက်တွေ့ သြဝါဒ အချို့ကို ဖော်ပြထား၏-

 အကယ်၍ ကလေးတစ်ယောက်သည် သည်းခံမူနှင့် အတူနေထိုင်ရလျှင်သည်းခံတတ်လာလိမ့်မည်၊

အကယ်၍ ကလေးတစ်ယောက်သည် အားပေးမူနှင့် အတူနေထိုင်ရလျှင် သူ့ကိုယ်သူ အားကိုးတတ်လာလိမ့်မည်၊

အကယ်၍ ကလေးတစ်ယောက်သည် ချီးမွမ်းခြင်းနှင့် အတူနေထိုင်ရလျှင် ကောင်းသည်ကိုတန်ဖိုးထားတတ်လာလိမ့်မည် ၊

အကယ်၍ ကလေးတစ်ယောက်သည် တရားမျှတမူနှင့် အတူနေထိုင်ရလျှင် သူသည် တရားမျှတစွာ ပြုမူတတ်လာလိမ့်မည်၊

အကယ်၍ ကလေးတစ်ယောက်သည် လုံခြုံမူနှင့် အတူနေထိုင်ရလျှင် သူသည် ယုံကြည်မူရှိလာလိမ့်မည် ၊

အကယ်၍ ကလေးတစ်ယောက်သည် သဘောတူညီခြင်းနှင့် အတူနေထိုင်ရလျှင် သူသည် သူ့ကိုနှစ်သက်တတ်လာလိမ့်မည်၊

အကယ်၍ ကလေးတစ်ယောက်သည် လက်ခံခြင်း- ချစ်ခင်ခြင်းတို့နှင့် အတူနေထိုင်ရလျှင် သူသည် လောကတွင် အချစ်ကို ရှာတတ်လာလိမ့်မည် ။

ပေါ့ပေါ့တန်တန်နေတတ်ကြသော မိဘများသည် သားသမီးတို့အား ကိုယ်ကျင့်တရားလမ်းညွှန်မူမပေး ဘဲ နေချင်သလိုနေထိုင်ရန် ခွင့်ပြုထားကြ၏ ။သားသမီးတို့ လူကြီးများဖြစ်လာကြသည့် အခါမှသာ သွန်သင်ဆုံးမမည်ဆိုလျှင် အောင်မြင်နိုင်ပါ့မလားဟု မေးဖွယ်ရာ ရှိ၏ ၊ နွားအိုကြီး အမော့သင်သလို အချိန်နှောင်းသွားပြီ ဖြစ်လိမ့်မည် ။

တစ်နေ့ပတ်လုံး စိတ်ကူးယဉ်အိပ်မက်မက်နေမည့်အစား သားသမီးတို့ကို မေတ္တာတရား-လေးစားမူ-သင့်တင့်ညီညွတ်စွာနေထိုင်တတ်မူနှင့် အထူးသဖြင့် ကမ္ဘာပြည်သူ့ သားကောင်း သားမီးကောင်းများ ဖြစ်မြောက်ရေးတို့ကို သင်ကြားပေးနိုင်အောင် အပြုသဘောဆောင်သော လုပ်ဆောင်ချက်များကို ပြုလုပ်ရမည် ။

ဆရာ ဒေါက်တာမင်းတင်မွန်- သောက. ဒေါသ. အတ္တ ဘဝအခက်အခဲဟူသမျှ ကျော်လွှားအံ့            စာအုပ်မှ…ကူးယူဖော်ပြပေးပါသည်။

စာဖတ်သူ အားလုံး ဘေးရန်ကင်းကွာ-စိတ်ချမ်းသာပြီး လိုအင်ဆန္ဒ မှန်သမျှတို့ လုံးဝ ဥဿုံပြည့် စုံ နိုင်ကြပါစေ…..

                                                                           အရှင်ကုဏ္ဍလ(ဟိတကာရီ)

No comments:

Post a Comment