Thursday, 22 December 2011

ဝန်တိုခြင်းနှင့်နိဂုံး



ဝန်တိုခြင်းနှင့်နိဂုံး တခါတုန်းကပေါ့ လူတစ်ယောက်ဟာ ဘ၀ရဲ့ကုသိုလ်ကံအကြောင်းကြောင်းကြောင့် ကင်ဆာရောဂါနဲ့ ဆေးရုံမှာ တက်ရောက်နေခဲ့ရတယ်။

ကင်ဆာရောဂါဝေဒနာရှင်ဟာ သူ့ရောဂါဟာ ၆ လ အများဆုံး ၁နှစ်ပဲနေရတော့မှာကိုလည်း သိရရော စိတ်ဓါတ်တွေ အကြီးအကျယ်ကျဆင်းခဲ့တာပေါ့။ သူများထူပေး၊ ထပေးမှ ထိုင်နိုင် ထနိုင်တဲ့အခြေအနေ ကိုလည်းရောက်နေခဲ့ရတယ်။ ဒါပေမယ့်လည်း ဆေးရုံမှာနေရင်း သက်သာလို့သက်သာငြား ဆိုပြီး ကုသမှုခံယူနေခဲ့တယ်။ အသက်ဆက်ရှင်ချင်တဲ့စိတ်လေးက ရှိနေခဲ့တာကိုး။။

တနေ့မှာ သူတက်နေတဲ့ ဆေးရုံ၊ သူတက်နေတဲ့အခန်းထဲကို လူတစ်ယောက်အဆုတ်နာရောဂါနဲ့ ရောက်ရှိ လာခဲ့တယ်။ အဲ့ဒီလူရဲ့မျက်နှာဟာ ရောဂါဝေဒနာကို မသက်မသာခံစားနေရတဲ့ရုပ်လည်းမပေါက်ဘူး။ အခန်းထဲ ကို ရောက်ရောက်ချင်းပဲ

“မိတ်ဆွေကြီး နေရ ထိုင်ရတာ အဆင်ပြေရဲ့လားဗျ”လို့ နှုတ်ဆက်လိုက်တယ်တဲ့။

ကင်ဆာရောဂါသည်ကတော့ “ဒီလူ ဘယ်လိုလူပါလိမ့် ၊ ဆေးရုံတက်ပါတယ်ဆိုမှ အဆင်ပြေမလား” ဆိုပြီး မကောင်းတဲ့ဘက်ကပဲ တွေးတောပြီး နှုတ်ဆက်စကားကိုလည်း သေချာပြန်မပြောလိုက်ဘူးတဲ့။

ဒါပေမယ့် ကိုယ်နဲ့နေ့စဉ်တွေ့ပြီး စကားပြောဖော်ဖြစ်လာတော့လည်း စကားပြောရတာ အဆင်ပြေလာခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဆုတ်နာရောဂါသည်ဟာ အရာရာကို အကောင်းဘက်က မြင်ပေးပြီးတော့ စကားပြောလည်း တယ်ကောင်းသကိုး။

ဒါနဲ့ ပြောရအုံးမယ် သူတို့နှစ်ယောက်ရဲ့ နေရာအနေအထားကို။

သူတို့နှစ်ယောက်နေတဲ့ လူနာခန်းလေးက ၂ ယောက်စာအခန်းလေးပါ။ ၂ ယောက်စာ ခန်းလေးဆိုတော့ ပြတင်းပေါက်လေးက တစ်ပေါက်ပဲရှိတာပေါ့။ အုတ်နံရံနဲ့အခြမ်းရယ်။ ပြတင်းပေါက်ပါတဲ့ အခြမ်းရယ်ပေါ့။ ကင်ဆာရောဂါသည်က အရင်ဆေးရုံပေါ်ရောက်နေတာဆိုတော့ သူ့ရဲ့ စိတ်ကြိုက်နေရာရွေးချယ်ခွင့်ရခဲ့ တာပေါ့။ သူရွေးချယ်တဲ့နေရာက နံရံနဲ့ကပ်လျက်အခြမ်းလေးပေါ့။ အဲ့ဒီဘက်အခြမ်းကကုတင်က  နေရာလေးလည်း ပိုကျယ်တယ်။ အမှီလေးနဲ့ရေတာလည်းအဆင်ပြေဆိုတော့ နံရံဘက်အခြမ်းလေးကို ရွေးချယ်ထားလိုက်တာပေါ့။ ဒါဆို ကျန်တဲ့ပြတင်းပေါက်ဘက်က နေရာလေးကတော့ ပြောစရာမလိုပဲ နောက်ရောက်လာတဲ့ အဆုတ်နာဝေဒနာသည်က နေရတော့တာပေါ့။

ဒီလိုနဲ့နေလာလိုက်တာ ရက်အနည်းငယ်ကြာတော့ သူတို့နှစ်ယောက်တော်တော်ကို ရင်းနှီးနေကြပြီ။ တစ်ယောက်နဲ့တစ်ယောက်လည်း စကားအပေးအယူတွေလည်းတည့်လို့ပေါ့။ တစ်ယောက်ဝေဒနာကို တစ်ယောက်နှစ်သိမ့်ရင်း အားပေးနေလာကြတယ်။

ညဘက်ရောက်ရင် အိပ်လိုက်ကြ။ ငယ်ဘ၀အကြောင်းလေးတွေပြောလိုက်ကြနဲ့ သူတို့နှစ်ယောက် အဆင်ပြေ နေကြပေမယ့် ကြာတော့ နေ့ဘက်ရောက်ရင် ပြောစရာစကားတွေလည်း ရှာကြံရတော့တာပေါ့။ ဒီတော့ ပြတင်းပေါက် ဘက်ခြမ်းက အဆုတ်နာဝေဒနာရှင်က သူက ပြတင်းပေါက်နားနီးတော့ ပြတင်းပေါက်ကနေ ကြည့်ပြီးတော့ ဆေးရုံပြင်ပ မြင်ကွင်းကို ပြောပြသတဲ့။ အခန်းထဲမှာပဲ အနေကြာလာတော့ ပြင်ပက အကြောင်းလေးတွေကို သိချင် မြင်ချင်လာကြတာကိုး။

အဆုတ်နာဝေဒနာရှင်ဟာ အပြောကလည်းကောင်းဆိုတော့ ကင်ဆာရောဂါဝေဒနာရှင်ဟာသူ့ရောဂါကိုတောင် တခါတလေမေ့နေတယ်တဲ့။

အဆုတ်နာဝေဒနာရှင်ပြောပြတဲ့ ပြတင်းပေါက်အပြင်ဘက်က အကြောင်းတွေကတော့

“ရှင်လောင်းလှည့်လာလိုက်တာဗျာ။ ရှင်လောင်းလေးက မြင်းကိုစီးလို့ ကျော့ကျော့မော့မော့လေး။ အိုးးးး ရှင်လောင်းအမေဆိုတာလည်း ပရိက္ခရာတွေရွက်လို့ ပျော်နေလိုက်တာ။ ရှင်လောင်းဖခင်ကတော့ ပီတတွေ ဖြာနေတဲ့မျက်နှာမျိုးပေါ့။ ကွမ်းတောင်ပန်းတောင်တွေကိုင်ထားလိုက်တဲ့ လှပျိုဖြူတွေကလည်း ချောသဗျာ” “အိုးစည် ဒိုးပတ်တွေကလည်း မြိုင်ဆိုင်သကိုး”

ကင်ဆာဝေဒနာရှင်မှာတော့ သူပြောတဲ့ ရှင်လောင်းပွဲက အိုးစည်သံ ဒိုးပတ်သံတွေကို မကြားရပေမယ့် ကိုယ်တိုင်မြင်နေရသလိုမျိုးဖြစ်လာတယ်တဲ့။ ရှင်လောင်းပွဲရဲ့ အပျော်တွေလည်း ကူးစက်လာခဲ့တယ်။

တခါတလေတော့ ပြတင်းပေါက်အပြင်က မြင်ကွင်းတွေက ဆန်းကျယ်ပြီး လှပနေပြန်တယ်။

“ဒီနေ့တော့ အပြင်က ရေကန်လေးထဲမှာ ငန်းတွေတောင် ရေလာကူးနေကြပါလား။ ကြာပန်းတွေလည်း ဒီနေ့ ပွင့်နေပြန်ပြီ။ ပန်းရနံ့လေးနဲ့ ရေကန်လေး တယ်ကဗျာဆန်သကိုးဗျ”

ခုလိုမျိုးလေးလည်း ကြည်နူးစရာဖြစ်အောင် ပြတင်းပေါက်ဘေးကနေ ငေးပြီးတော့ အပြင်က မြင်ကွင်းလေးကို ပြောပြတတ်သတဲ့လေ။

ကင်ဆာဝေဒနာရှင်ခမျာ ဒီလိုမြင်ကွင်းလေးကို တဖြေးဖြေးနဲ့မြင်ချင်လာတယ်။

“အိုး ဟိုးးးးးးး ဒီနေ့တော့ ကလေးငယ်လေးတွေ မြက်ခင်းပြင်မှာလာ ပြေးလွှားကစားနေလိုက်ကြတာဗျာ။ အပြစ်ကို ကင်းစင်လို့။ ပျော်ရွှင်စရာကြီးဗျို့။ ကျနော်တို့ ငယ်ဘ၀ ကျန်းမာစဉ်ဘ၀လေးကိုတောင် ပြေးလို့ မြင်ယောင်မိတယ်ဗျာ”

ဒီလိုအခါမျိုးမှာတော့ ပိုလို့တောင် ကင်ဆာဝေဒနာရှင်ခမျာ ပြတင်းပေါက်ဘေးက မြင်ကွင်းကို ကြည့်ချင်မိခဲ့ တယ်။ အဆုတ်နာသမားပြောပြတဲ့ မြင်ကွင်းတွေက တယ်လည်းပီပြင်နေတာကိုး။ ဒီလိုပျော်စရာကောင်းတဲ့ မြင်ကွင်းမျိုးနဲ့ဝေးကွာခဲ့တာလည်း ကြာပြီပေါ့။

“ချစ်သူစုံတွဲတွေများဗျာ လက်ချင်းယှက်လို့ ပြုံးလို့။ ပျော်လို့ လမ်းလျှောက်နေလိုက်ကြတာ။ ထီးတစ်လက် ကိုနှစ်ယောက်ဆောင်းလို့ဗျာ” ဆိုတာမျိုးလေးတွေလည်း ပါသေး။

ကင်ဆာဝေဒနာရှင်အတွက် ဒီပြတင်းပေါက်နားက ကုတင်ကို မယူမိလေခြင်းဆိုတဲ့နောင်တတွေ တနေ့ထက် တနေ့ပိုလို့ရနေတော့တယ်။ အမှန်တော့ အဆုတ်နာရောဂါသည်ဟာ ပြတင်းပေါက်နားက မြင်ကွင်းကို သူ့အခန်းဖော်သိပါစေ။ ပျော်ရွှင်မှုတွေ ကူးယူရရှိပါစေဆိုတဲ့စေတနာတစ်ခုတည်းနဲ့ ပြောပြနေခဲ့တာပါ။ ဒါပေမယ့် အခန်းဖော်ကင်ဆာဝေနာရှင်ကတော့ ထိုကုတင်(ပြတင်းပေါက်နားက ကုတင်)ကိုပဲ လိုချင်နေပြီ။

တစ်နေ့ထက်တစ်နေ့လည်း ပိုပိုလိုချင်စိတ်များလာခဲ့တယ်။ ဘယ်လိုနည်းနဲ့ အဲ့ဒီကုတင်ကို ရယူရမလဲဆိုတာ ကိုလည်း စဉ်းစားနေခဲ့တယ်။ ကုတင်ပြောင်းမယ်လို့ပြောရအောင်လည်း အားနာနေရသေးတယ်။ ပြီးတော့ ကိုယ်ကိုယ်တိုင်က စိတ်ကြိုက်ရွေးချယ်ခဲ့တဲ့နေရာ။ ဒီလိုရှုခင်းမျိုးရှိတာကို ဆေးရုံစတက်ကတည်းက သေချာ ကြည့်ထားလိုက်ရမှာ။ ဆေးရုံတက်စတုန်းက ဝေဒနာသည်းနေချိန်မို့လို့ ပြတင်းပေါက်လည်း ဂရုမစိုက်နိုင်ခဲ့ ရဘူး။ ပြီးတော့ တခြားသူထူပေးမှ ထနိုင်တဲ့ ကိုယ့်အခြေအနေနဲ့ဆိုတော့ ။။။ ခက်တာပဲ။

လူဆိုတာမျိုးကလည်း ခက်သားပဲ။ လိုချင်တာတစ်ခုရှိလာပြီဆိုရင် မရနိုင်ဘူးဆိုမှ ပိုလိုချင်တာမျိုး။ ခုလည်း ဒီလောက်ခင်မင်နေတာကို တပေါက်တည်းရှိတဲ့ ဒီပြတင်းပေါက်နားက ကုတင်ကို ငါ့ကိုပေးဆိုပြီး လုယူတာမျိုး ကလည်းမဖြစ်နိုင်ဘူး။ ဘယ်လိုလုပ်ရပါ့မလဲ

အဲ့ဒီနေ့က မှတ်မှတ်ရရပေါ့။ ကင်ဆင်ရောဂါရှင်ဟာ စကားကိုလည်း ဖြစ်ဖြစ်မြောက်မြောက်အရင်ကလို မပြောနိုင်ဘူး။ သူ့မှာအတွေးတွေနဲ့ကိုး

ဒီလိုနဲ့ ညဘက်ရောက်လာပါလေရော။ အဲ့ဒီညမှာ အဆုတ်နာဝေဒနာရှင်ဟာ ရောဂါထဖောက်ပါတော့တယ်။

“အဟွတ် အဟွတ်”နဲ့ဆိုးလိုက်တဲ့ချောင်းဆိုတာလည်း မရပ်မနားပါပဲ။ အစကတော့ ကင်ဆာရောဂါသည်ဟာ မနိုးပါဘူး။ နောက်ချောင်းသံတွေ အဆက်မပြတ်ကြားလာတော့ နိုးလာပါတော့တယ်။

တော်တော်ကို အခြေအနေဆိုးနေတဲ့အနေအထားပါ။ အဆုတ်ထဲက ချွဲတွေဟာ အဆက်မပြတ်တက်လာ ပြီး ချောင်းတွေတရစပ်ဆိုးနေတယ်။ ချွဲတွေတက်လာပြီး အသက်ရှူလမ်းကြောင်းကို ပိတ်ဆို့နေတဲ့အတွက် စကားလည်း ပီသအောင်တောင်မပြောနိုင်တော့ဘူး။ တော်တော်ကို ဝေဒနာကို ပြင်းပြင်းထန်ထန်ခံစားနေခဲ့ ရပါတယ်။

ကင်ဆာဝေဒနာရှင်ဟာ နိုးလာတော့ အခန်းဖော်ရဲ့ အနေအထားကိုတွေ့ရှိခဲ့ပါတယ်။ အခြေအနေဆိုးနေတယ် ဆိုတာကိုလည်း သိရှိခဲ့ပါတယ်။ ဒီအချိန်မှာ သူ့အတွေးတွေက ပြတင်းပေါက်ဆီကို ရောက်နေခဲ့တယ်။ အဆုတ်နာဝေဒနာရှင်ဟာ လက်တွေကိုလည်း အားယူပြီး လှုပ်နေတာမြင်နေရတယ်။ သူ့လက်တွေဟာ အရေးပေါ်လူခေါ်ဘဲလ်ဆီကို နှိပ်ဖို့ အားယူနေတာကိုလည်း မြင်နေရပါတယ်။ အသက်ရှူလမ်းကြောင်းမှာ ချွဲတွေပိတ်နေလို့ လူက ပင်ပန်းနေတာက တကြောင်း ထိုလူဟာ ဝေဒနာကြောင့် လက်တွေဟာ ဘဲလ်ဆီကို မရောက်တာက တစ်ကြောင်းနဲ့ အဆုတ်နာဝေဒနာသည်ဟာ ဘဲလ်ဆီကို လုံးဝမလှမ်းနိုင်ခဲ့ပါဘူး။

အဲ့ဒီအချိန်မှာ အဆုတ်နာဝေဒနာသည်ဟာ တဖက်ကုတင်က ကင်ဆာသမားဆီ လှမ်းပြီး အားကိုးတကြီး ကြည့်နေရှာပါတော့တယ်။

ဒါကိုသိတဲ့ ကင်ဆာသမားရဲ့လက်တွေဟာ စောင်ကို ခေါင်းထိဆွဲခြုံလိုက်မိတယ်။ (လူနာကုတင်တစ်လုံးစီမှာ အရေးပေါ်လူခေါ်ဘဲလ်တစ်ခုစီ ရှိပါတယ်)။ အဆုတ်နာသမားကတော့ ကင်ဆာသမားကို အားကိုးတကြီးနဲ့ ဘဲလ်နှိပ်ပေးဖို့ အကူအညီတောင်းတဲ့အကြည့်နဲ့ကြည့်ခဲ့တာပါ။ ဒါကို ကင်ဆာသမားကလည်း သိပါတယ်။ သိလို့လည်း စောင်ကို ခေါင်းထိ ဆွဲခြုံလိုက်တာပေါ့။ အကူအညီတောင်းတဲ့ အကြည့်ကို သူမမြင်ချင်လို့ပါ။ သူမြင်ချင်တာက ပြတင်းပေါက်နားက ကုတင်လေ။

စောင်ကို ခေါင်းထိခြုံထားရင်းနဲ့ အဆုတ်နာသမားရဲ့ ချောင်းဆိုးသံကို သူ(ကင်ဆာသမား)နားထောင်နေခဲ့ ပါတယ်။ ချောင်းဆိုးသံကလည်း မချိမဆန့်နဲ့၊ အသက်ကိုမနည်းလုယက်ရှူနေရတဲ့အသံနဲ့ ၂ယောက်ခန်းလေး ထဲမှာ ၁ နာရီနီးပါးလောက် ကြားနေခဲ့ရ ပါတယ်။ နောက်တော့ တဖြေးဖြေး တဖြေးဖြေးနဲ့ ချောင်းဆိုးသံ အသက်ပြင်းပြင်းရှူသံ တွေဟာ ထိုဆေးရုံရဲ့ ထို၂ယောက်ခန်းလေးထဲကနေ အပြီးတိုင် ပျောက်ကွယ်သွား ပါတော့တယ်။

ကင်ဆာသမားဟာ ဒီလိုနဲ့ အာရုဏ်တက်ချိန်ကို စိတ်ရှည်ရှည်နဲ့ဖြတ်ကျော်လိုက်ပါတယ်။ မနက်မိုးလင်းတော့ သူနာပြုဆရာမနဲ့ တာဝန်ခံဆရာဝန်တွေဟာ လှည့်လည် စစ်ဆေးချိန်မှာတော့ အသက်နဲ့ဝိညဉ်ခန္ဓာလုံးဝ ကွဲကွာနေပြီဖြစ်တဲ့ အဆုတ်နာရောဂါဝေဒနာရှင် သူ့ရဲ့အခန်းဖော်ကို တွေ့ရှိခဲ့ရပါတော့တယ်။

ကင်ဆာသမားဟာ အခန်းဖော်ဘယ်လိုဖြစ်တယ်ဆိုတာ ညကတည်းက သိပြီးသားပါ။ ဒါပေမယ့် အလောင်းကို တာဝန်ရှိတဲ့သူတွေ သယ်သွားပြီးတဲ့အထိ စောင့်ရတာကိုပဲ သူ့အတွက်ကြာလှပြီလေ။ သူ့မှာ မမြင်ရတာ ကြာပြီဖြစ်တဲ့ ဆေးရုံပြင်ပ ပြတင်းပေါက်မြင်ကွင်းကို ကြည့်ချင်လှပြီ။ သူဟာ နောက်ဆုံးတော့ ဟန်တောင် မဆောင်နိုင်ပဲ အလောင်းကိုရွှေ့ပြီးပြီးချင်းမှာပဲ သူနာပြုဆရာမလေးကို အကူအညီတောင်းလို့ ပြတင်းပေါက် ဘေးက ကုတင်ကို ရွှေ့ခိုင်းလိုက်ပါတော့တယ်။

သူနာပြုဆရာမလေးကလည်း သဘောမနောကောင်းစွာပါပဲ ကင်ဆာရောဂါသည်ကို ကူညီလို့ ၀န်ထမ်း တစ်ယောက်နဲ့ ချက်ချင်းပဲ ရွှေ့ပေးခဲ့ပါတယ်။ ခုမှပဲ သူ့ရဲ့ စိတ်ထဲက ဝေဒနာ(ပြတင်းပေါက်မြင်ကွင်းကို ကြည့်ချင်တဲ့ဝေဒနာ)လည်း ပေါ့ပါးသွားတော့တာပါပဲ။

ကုတင်ပေါ်ကိုရောက်တော့လူတွေလည်းအကုန်အပြင်ထွက်ကုန်ရောကြည့်ချင်လွန်းတဲ့မြင်ကွင်း ကိုမမြိုသိပ် တော့ပဲ အနည်းငယ် ကိုယ်ကို အနာခံလို့ ခပ်စောင်းစောင်းလေးပဲ ပြတင်းပေါက်ဘက်ကို ရွှေ့ပြီး ကြည့်လိုက်မိတယ်။

လား လား   မြင်လိုက်ရတဲ့မြင်ကွင်းက

ဘာမှမရှိပါ။ ဆေးရုံကို ကာရံထားတဲ့ အဖြူရောင်ဆေးတွေသုတ် ထားတဲ့ အုတ်တံတိုင်းနံရံကြီးပဲ။ ဘာဆို ဘာမှ မရှိတဲ့ မြင်ကွင်း ပြင်ကြီးပဲ

“ဘယ်မှာလည်း ရေကန်သာနဲ့ ကြာတွေပြည့်နေတဲ့ မြင်ကွင်း၊ ဘယ်မှာလဲ ကစားပျော်ပါးနေမယ့် ကလေးငယ် တွေ။ ဘယ်မှာလဲ လက်ချင်းချိတ်ပြီး ကူးလူးသွားလာနေတဲ့ ချစ်သူစုံတွဲတွေ၊ ဆေးရောင်စုံတွေခြယ်ထားတဲ့ ပန်းချီကားလိုမျိုး မြင်ကွင်းတွေ ဘယ်မှာလဲ”

သွားပြီ အဆုတ်နာရောဂါသမားပြောတဲ့ မြင်ကွင်းတွေဘယ်မှာလဲ ပျောက်ကုန်တာလား။ အစတည်းက အလိမ် အညာတွေလား။ ဒါမှမဟုတ် သူ့ရဲ့မကောင်းတဲ့စိတ်ထားကြောင့် အားလုံးပျောက်ကုန်တာလား။ ဘယ်လိုတွေ ဖြစ်ကုန်တာပါလိမ့်။

ဒီတခါလည်း သူနာပြုဆရာမလေး လာတဲ့အချိန်ကိုစောင့်လို့ သူဟာ သိချင်နေတာတွေမေးပါတော့တယ်။

သူ့ကို ဘာလို့ သွားလေသူသူငယ်ချင်းက မဟုတ်မမှန်တာတွေပြောခဲ့တာလဲပေါ့။

သူနာပြုဆရာမလေးက ပြုံးပြီးပြန်ပြောရှာတယ်

“သူဟာ (အဆုတ်နာရောဂါရှင်၊ကွယ်လွန်သူ)လုံးဝမျက်စိမမြင်ရှာပါဘူး။ သူနဲ့ဘ၀တူခြင်း ရောဂါသည်ချင်း၊ ဝေဒနာသည်ချင်းအတူတူဆိုပြီး မပျင်းရအောင်၊ အပြင်က မြင်ကွင်းတွေကို စိတ်ထဲကနေ ပုံဖော်ပြီး ရှင့်ကို စိတ်ချမ်းသာစေချင်တဲ့စိတ်နဲ့ပြောခဲ့တာဖြစ်ပါလိမ့်မယ်ရှင်။ သိပ်စိတ်ကောင်းရှိတဲ့သူပေါ့။ ခုတော့ သွားရှာပြီပေါ့ ရှင်။ဘ၀ဆိုတာ ဒီလိုပါပဲ”တဲ့

သူဟာ (အဆုတ်နာရောဂါရှင်၊ကွယ်လွန်သူ) လုံးဝမျက်စိမမြင်ရှာပါဘူး။ သူနဲ့ဘ၀တူခြင်း ရောဂါသည်ချင်း၊ ဝေဒနာသည်ချင်းအတူတူဆိုပြီး မပျင်းရအောင်၊ အပြင်က မြင်ကွင်းတွေကို စိတ်ထဲကနေ ပုံဖော်ပြီး ရှင့်ကို စိတ်ချမ်းသာစေချင်တဲ့စိတ်နဲ့ပြောခဲ့တာဖြစ်ပါလိမ့်မယ်ရှင်။

ခုတော့ စိတ်ကလေးနဲ့တောင် မှန်းပြီး ကင်ဆာသမားခမျာ စိတ်မကြည်နူးရတော့ပါဘူး။ ဒီလိုစိတ်နဲ့ပဲ သူဟာ မစားနိုင်၊မအိပ်နိုင်နဲ့ အသက်ရှင်ခွင့်ကိုတောင် လက်လွှတ်ဆုံးရှုံးခံလိုက်ချင်တဲ့အထိ စိတ်ဓာတ်တွေကျဆင်း လာခဲ့ရပြီး ၆ လ ၁ နှစ်အသက်ရှင်ရမယ့်လူဟာ နောက် ၁၀ ရက်ကျော်ကြာတဲ့အခါမှာ စိတ်ဝေဒနာပါ ဖိစီးပြီး ရောဂါသည်းလို့ လူ့လောကကြီးနဲ့ အဝေးဆုံး၊ သူမုန်းတဲ့ ပြတင်းပေါက်မရှိတဲ့ နံရံကြီးနဲ့ အဝေးဆုံးကို ထွက်သွားပါတော့တယ်

ဒီစာလေးကို ဖတ်ဖူးတာကြာပါပြီ။ ဒါပေမယ့် သူငယ်ချင်း ၂ယောက်ရဲ့ ၀န်တိုမှုလေးကိုမြင်တွေ့ရပြီး ပြန်ရေးချင် မိတဲ့စိတ်လေးပေါ်လာမိလို့ပါ။ ဒီပို့စ်လေးကိုဖတ်ပြီး တစ်ခုခုခံစားလိုက်ရတယ်ဆိုရင်…………



Reference : ဆရာအတ္တကျော်ရဲ့ နေပျော်တဲ့ဘ၀ ကြည်မြတဲ့ဘ၀င် ရွှင်လန်းတဲ့စိတ် စာအုပ်လေးမှ

No comments:

Post a Comment