Thursday 28 February 2013

**ကုက္ကုစ္စအကြောင်း**

နောင်တတစ်ဖန် ပူပန်ခြင်းသဘောသည် “ကုက္ကုစ္စ”တည်း။ ထို့ကြောင့် “ကုက္ကုစ္စကား၊ နောင်တစ်ဖန်၊ ပူပန်ထန်ပြင်း”ဟု ဆိုခဲ့သည်။ ချဲ့ဦးအံ့-ဤကုက္ကုစ္စ၏ နောင်တရမူသည် အကုသိုလ်ပြုပြီးမှ “ပြုမိတာ မှားလေစွ”ဟုလည်းကောင်း၊ ကုသိုလ် မပြုခဲ့မိ၍ “မပြုမိတာ မှားလေစွ”ဟု လည်းကောင်း နောင်တရခြင်း ၂-မျိုးရှိ၏။
...
နောင်တရပုံ

“ဒု-သ-န-သော”ဟု အများပြောကြသော သူဋ္ဌေးသားလေးယောက်သည် လူ့ဘ၀၌ ကုသိုလ်ကောင်းမူ ပြုလုပ်ဖို့ရာ ပစ္စည်းအလုံးအလောက် ရှိကြပါလျက် ကုသိုလ်ကောင်းမူ ပြုရမည့်အစား မိစ္ဆာစာရ ကာမမူ အကုသိုလ်ကိုသာ ပြုမှားခဲ့ကြလေသည်။ ထို့နောက် “လောဟကုမ္ဘီ” သံရည်ပူငရဲ၌ကျကာ အနှစ် ၆-သောင်းကြာမှ ပေါ်လာ၍

“ငါတို့သည် ပစ္စည်းဥစ္စာပေါများသော လူ့ဘ၀တုန်းက မှီခိုအားထား ကိုးစားလောက်သော ကုသိုလ်များကို မပြုမိဘဲ မှားယွင်းစွာ အသက်မွေးခဲ့ကြတယ်နော်”ဟု ပြောလိုသော စကားများကို စုံလင်စွာ မပြောနိုင်ဘဲ“ဒု”ဟူသော အသံနက်ကြီးကို ဟစ်အော်ကာ မြုပ်သွားရှာလေ၏။ ဤသူ၌ ကုသိုလ်ကောင်းမူ မပြုမိခဲ့၍ နောင်တရသော ကုက္ကုစ္စဖြစ်သည်။

အခြားတစ်ယောက်ကလည်း “ငါတို့၏ ငရဲခံနေရသော ဒုက္ခသည် ဆုံးတော့မှာ မဟုတ်ပါဘူး၊ လူ့ဘ၀တုန်းက မကောင်းမူကို ငါတို့ ပြုခဲ့ကြတယ်နော်”ဟု ပြောလိုရင်း စကားဆုံးအောင် မဟနိုင်ဘဲ “န”ဟု အသံနက်ကြီးဖြင့် ဟစ်အော်ကာ မြုပ်သွားရှာလေသည်။ ဤသူကား အကုသိုလ်ကို ပြုမိခဲ့၍ နောင်တရသည်။

ဤကဲ့သို့ နောင်တရမူ၊ နောက်တစ်ဖန် ပူပန်မူသည် “ဒု-သ-န-သော”တို့ ကဲ့သို့ နောက်ဘ၀ကျမှသာ ဖြစ်သည်မဟုတ်ပါ။ ယခုဘ၀မှာလည်း ထိုသို့ ပူပန်တတ်ကြပါသည်။ အလွန်အမင်း ပူပန်လာသောအခါ စိတ်ထဲတွင်သာမက ချွေးကျလာအောင် ခန္ဓာကိုယ်ပါ ပူပန်လာတတ်သည်။

နောင်တ မရသင့်ပုံ

အကုသိုလ်ကိုပြုပြီးမှ နောင်တတစ်ဖန် ပူပန်နေခြင်းကြောင့် ပြုပြီး အကုသိုလ် ကင်းပျောက်သွားမည် မဟုတ်။ ကုက္ကုစ္စအကုသိုလ် အသစ်ပင် တိုးလာပါသေး၏။ ထို့ကြောင့် နောင်တတစ်ဖန် ပူပန်မနေဘဲ ပြုပြီးသမျှ အကုသိုလ်များ နောင်အခါ အကျိုးပေးခွင့် မရအောင် ထိုအကုသိုလ်မျိုး နောက်ထပ် မဖြစ်စေရန် သတိထား၍ ရှောင်ကြဉ်ရမည်။ ထိုကဲ့သို့ လွန်ပြီးသော အကုသိုလ်မျှိုး “ငါ့မှာ နောင်အခါမဖြစ်စေရ”ဟု စိတ်ပါလက်ပါ အဓိဋ္ဌာန်ပြု၍ စောင်စည်းသူအတွက်မှာ ပြုပြီး အကုသိုလ်(သိပ်မကြီးကျယ်လျှင်) အကျိုးမပေးဘဲ ပပျောက်သွားတတ်ကြောင်းကို (မဟာဝဂ္ဂသံယုတ်)၌ ဟောတော်မူသည်။

အချိန်ရှိခိုက် လုံ့လစိုက်

ငယ်ရွယ်စဉ်အခါသည် ပညာ၊ ဥစ္စာ၊ ကုသိုလ် ဤ ၃-မျိုးကို မိမိဉာဏ်ရှိသလောက်၊ လိုချင်သလောက် ရှာရမည့်အခါ၊ ရှာဖို့ရန် အခွင့်အလမ်းသာသောအခါ ဖြစ်၏။ “မိုးကုန်မှ ထွန်ချ”လျှင် အကျိုးရ နည်းရုံသာမက လုံးလုံးမရဘဲ ရှိတတ်သည်။ သို့ရာတွင် အချိန်နှောင်းမှ သတိရသော်လည်း “ကုသိုလ်ကိုမပြုမိတာ မှားပေါ့”ဟု နောင်တမဖြစ်စေသင့်။ အချိန်နှောင်းမှ သတိရခြင်းသည် လုံးလုံး သတိမရကြသူများစွာသော လူတို့ထက် အပုံကြီးသာပါသေးသည်။

တမ္ဗဒါဋ္ဌိကမည်သော အဘိုးကြီးသည် အရွယ်ကောင်းတုန်းက သေဒဏ်ကျသူများကို သတ်ဖြတ်ရသောအလုပ်ဖြင့် ဘုရင့်အမူကို ထမ်းလာခဲ့၏။ ကောင်းစွာ မသတ်နိုင်သော အဘိုးကြီး အရွယ်ရောက်မှ သူသတ်ရာထူးက ထွက်၏။ သေခါနီးဆဲဆဲမှာ အရှင်သာရိပုတ္တရာနှင့်တွေ့၍ တရားနာရာတွင် သူလုပ်ခဲ့သော အပြစ်နှင့် ယခုတရားသည် အလွန်ကွာခြား၍ နေသောကြောင့် တရားတော်၌ စိတ်မ၀င်စားနိုင်ဘဲ ရှိလေသည်။

ထိုအခါ အရှင်သာရိပုတ္တရာက သိတော်မူ၍ “ဒါယကာ အသင်သတ်ချင်လို့ သတ်တာလား၊ အသက်မွေးမူအတွက် မလွှဲသာ၍ ရှင်ဘုရင်က ခိုင်းလို့ သတ်ရတာလား”ဟု မေးတော်မူလေရာ “တပည့်တော် သတ်ချင်လို့ မဟုတ်ပါ၊ ရှင်ဘုရင်က ခိုင်းလို့ သတ်ရပါကြောင်း”ဟု လျှောက်လေလျှင် “သည်လိုဆိုလျှင် အပြစ်ရှိသေးသလား”ဟု ပရိယာယ်ဖြင့် မေးတော်မူပြီး နောက်ဆက်လက်၍ တရားဟောတော်မူသောအခါ “ငါ့မှာ အပြစ်ရှိပုံ မရဘူး”ဟု စိတ်သက်သာပြီးလျှင် တရားကို စိတ်စိုက်နာရင်း “စူဠသောတာပန် (သောတာပန်အငယ်=သောတာပန်အတု)” ဖြစ်ကာ မကြာခင် စုတေ၍ နတ်ပြည်သို့ ရောက်ရလေသည်။ (ဤ၀တ္ထု၌ ရှင်ဘုရင်က ခိုင်း၍ သတ်ရသော်လည်း ခိုင်းသူရော သတ်သူပါ အပြစ်ရှိ၏။ သို့သော် စိတ်သက်သာရာရအောင် ပရိယာယ်ဖြင့် မေးတော်မူခြင်းဖြစ်သည်။)

မှတ်ချက်။ ။ထိုအဘိုးကြီး၌ ပါဏာတိပါတ အပြစ်တွေ များစွာရှိနေသည်ကား မှန်၏။ သို့သော် ထိုအပြစ်တွေအတွက် ကုက္ကုစ္စ မဖြစ်အောင် ပရိယာယ်ဆောင်၍ မေးတော်မူလိုက်ရာ ကုက္ကုစ္စ ငြိမ်းအေးသွားလေသည်။ ကုက္ကုစ္စ ငြိမ်းအေးပြီးမှ တရား၌ စိတ်စိုက်သော ကုသိုလ်ကြောင့် နတ်ပြည်သို့ ရောက်ရလေသည်။ သို့ဖြစ်၍ မည်သူမဆို ပြုခဲ့ပြီးသောာ အကုသိုလ်အတွက်လည်း မပူပန်ရ။ ကုသိုလ်ကို မပြုခဲ့ရသေး၍လည်း နောင်တမဖြစ်ကြစေဘဲ ပြခဲ့သောနည်းဖြင့် အကုသိုလ် အသစ်မဖြစ်အောင်သာ ကြိုးစားလျက် သတိရသော အရွယ်ကစ၍ ကုသိုလ်ကို အားထုတ်သင့်ကြပေသည်။

အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးပါသည်။

No comments:

Post a Comment