Thursday 28 February 2013

"သင့်လျော်သောအခါ၌ တရားနာခြင်း"

သင့်လျော်သောအခါ၌ တရားနာခြင်းသည် မင်္ဂလာတပါး ဖြစ်သည်။
တနည်းအားဖြင့်-ကြီးပွားချမ်းသာခြင်း၏ အကြောင်းတရပ် ဖြစ်သည်။
အောက်ပါဇာတ်တော်ကို သာဓကအဖြစ် တင်ပြပါသည်။
...
တရံရောအခါ ဗုဒ္ဓဘုရားရှင်သည် စမ္ပာပြည်ရှိ ဂဂ္ဂရာရေကန်အနီးဝယ် သီတင်းသုံးလျက် ရှင်လူအများအား တရားဟောတော်မူသည်။
ထိုစဉ် ကန်အတွင်း၌နေသော ဖားငယ်တကောင်သည် ရေကန်ထဲမှ ထွက်လာသည်။

ပရိသတ်အစွန် တနေရာ၌ ၀ပ်လျက်-သည်အသံသည်
တရားတော်၏ အသံပင်ဖြစ်၏-ဟူ၍ အာရုံပြုကာ နာယူလျက်ရှိသည်။

ထိုအခိုက် နွားကျောင်းသားတယောက်သည်လည်း ထိုနေရာသို့ ရောက်လာသည်။ ၀င်ရောက် တရားနာယူသည်။
တရားနာရာ၌ သူသည် နွားမောင်းသည့် နှင်တံတုတ်ကို
ထောက်လျက် နာယူသည်။ ထိုအခါ သူ၏ နှင်တံတုတ်သည်
ဖားငယ်၏ ဦးခေါင်းပေါ်သို့ မတော်တဆ ထောက်မိသွားသည်။
ဖားငယ်သည် ထိခိုက်ဒဏ်ရာရကာ ထိုနေရာမှာပင်
သေဆုံးသွားရှာသည်။

♦ ဖားငယ်သည် တရားတော်၏ အနက်အဓိပ္ပါယ်ကို မသိ။
သို့ရာတွင် တရားတော်ကို အာရုံပြုလျက် ကြည်သာရွှင်လန်းသောစိတ်အစဉ်ရှိနေစဉ် သေဆုံးသွားသဖြင့် တာဝတိံသာနတ်ပြည်ဝယ် နတ်သားသွားဖြစ်သည်။

♦ ရွှေဗိမာန်၌ နတ်သမီး အခြံအရံပေါင်းများစွာဖြင့် စံစားရသည်။ မဏ္ဍူကဒေ၀ပုတ္တ (ဖားနတ်သား) ဟူ၍ အမည်တွင်သည်။

ထိုဖားနတ်သားသည် အတိတ်ဘ၀က ဖားသူငယ်ဖြစ်ခဲ့ပုံနှင့် ဘုရားရှင်၏တရားတော်ကို နာခဲ့ရသဖြင့် ယခုကဲ့သို့
နတ်သားဖြစ်လာခဲ့ရပုံကို ဆင်ခြင်မိသည်။

♦ သို့ဖြင့် သူသည် အခြံအရံများနှင့်တကွ လူ့ပြည်သို့ ဆင်းလာသည်။ တရားဟောနေသော ဘုရားရှင်ကို သွားရောက်ဖူးမြော်သည်။
ဘုရားရှင်သည် ဖားနတ်သား၏ဖြစ်ကြောင်း ကုန်စင်ကို
တန်ခိုးတော်ဖြင့် သိတော်မူပြီးဖြစ်သည်။

♦ သို့ရာတွင် တရားနာပရိတ်သတ်များ ထင်ရှားစွာသိစေလိုသဖြင့် ဖားနတ်သားကို အကျိုးအကြောင်း မေးမြန်းသည်။
ဖားနတ်သားကလည်း ဖြစ်ပျက်ပုံအလုံးစုံကို လျှောက်ထားသည်။

♦ ထိုအခါ ဘုရားရှင်သည် တရားနာခြင်း၏ အကျိုးကို ရှင်းလင်းဟောပြောတော်မူသည်။
နိဗ္ဗာန်ရောက်ကြောင်း တရားကိုလည်း ဆက်လက်
ဟောပြောတော်မူသည်။

♦ တရားအဆုံးတွင် ဖားနတ်သားသည် သောတာပန်
တည်သွားသည်။ တရားနာပရိသတ်တို့လည်း
ထူးမြတ်သောအကျိုးကျေးဇူးကို ခံစားရရှိလေသည်။

(အကိုး။ ။ မဏ္ဍူကဒေ၀ပုတ္တ၊ ဖားနတ်သားဝတ္ထု၊
ဝိမာနအဋ္ဌကထာ)

( မင်းယုဝေ)
( မြတ်မင်္ဂလာ ၂၀၀၃-ခု စက်တင်ဘာလ)

No comments:

Post a Comment