Wednesday 27 February 2013

ပုညကြိယာဝတ္ထု ၁၀-ပါး

-->‎"ပုညကြိယာဝတ္ထု ၁၀-ပါး"
•••••••••••••••••••••••••••
(၁) ဒါနဆိုတာ-မိမိကိုယ်ပိုင်ပစ္စည်းဥစ္စာများကို လှူဒါန်းတာ။
[ပစ္စည်းဥစ္စာ၊ အဖြာဖြာ၊ လှူတာ ဒါနမည်။]

... (၂) သီလဆိုတာ-၅-ပါး၊ ဂ-ပါး၊ ၉-ပါးသီလ စသည်တို့ဖြင့်
ကိုယ်နှင့်နှုတ်တို့ကို လုံခြုံအောင် စောင့်စည်းတာ။
[ကိုယ်နှုတ်နှစ်ဖြာ၊ စောင့်စည်းတာ၊ မှန်စွာ သီလမည်။]

(၃) ဘာဝနာ-ဆိုတာ ဥပါဒါနက္ခန္ဓာ ၅-ပါး စသည်တို့ကို
စိတ်ဖြင့် ပွားများအားထုတ်တာ။
[စိတ်ဖြင့်ပွားတာ ဘာဝနာ၊ မှန်စွာ မည်ပေသည်။]

(၄) အပစာယန-ဆိုတာ ဘုရား တရား သံဃာ ဆရာ မိဘ
အသက်-ဂုဏ်သိက္ခာကြီးမားတဲ့ ပုဂ္ဂိုလ်တို့ကို
အရိုအသေပြုတာ
[ရိုသေပြုတာ၊ အပစာ၊ မှန်စွာမည်ပေသည်။]

(၅) ဝေယျဝစ္စ-ဆိုတာ ရတနာသုံးပါး၊ ဆရာမိဘများ၊
ဂုဏ်သိက္ခာကြီးမားသော ပု၈္ဂိုလ်တို့၏ ၀တ်ကြီး
ဝတ်ငယ်တို့ကို ပြုလုပ်ပေးတာ။
[ကြီးငယ်အမှု၊ ပြုလုပ်ပေးတာ၊ ဝေ(ယျာ)၀စ္စာ၊ မှန်စွာမည်ပေသည်။]

(၆) ပတ္တိဒါန-ဆိုတာ မိမိပြုတဲ့ ကုသိုလ်ကောင်းမှုတွေကို အမျှဝေတာ။
[အမျှဝေတာ၊ ပတ္တိဒါ၊ မှန်စွာမည်ပေသည်။]

(၇) ပတ္တာနုမောဒန-ဆိုတာ သူတပါးတို့ အမျှဝေတဲ့အခါ
ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်တာ။
[၀မ်းမြောက်နုမော်၊ သာဓုခေါ်၊ မှတ်နော် ပတ္တာနုမောဒါ။
ဝမ်းမြောက်ဝမ်းသာ၊ ခေါ်ဆိုတာ၊ ပတ္တာနုမောဒါ။ ]

(၈) ဓမ္မဿဝန-ဆိုတာ တရားစကား နာကြားတာ။
[ တရားနာတာ၊ (ဓမ္မ) သ၀နာ၊ မှန်စွာမည်ပေသည်။]

(၉) ဓမ္မဒေသနာ-ဆိုတာ စွမ်းနိုင်သမျှ တရားဟောတာ။
[ တရားဟောတာ၊ (ဓမ္မ) ဒေသနာ၊ မှန်စွာမည်ပေသည်။]

(၁၀) ဒိဋ္ဌိဇုကမ္မ-ဆိုတာ အယူကို ဖြောင့်မတ်စွာ ယူတာ။
[ ဖြောင့်စွာယူတာ၊ (ဒိဋ္ဌိ)ဇုကတာ၊ မှန်စွာမည်ပေသည်။]

ပုညကြိယာဝတ္ထု ၁၀-ပါးကို အကျဉ်းချုပ်လိုက်သော်
ဒါန၊ သီလ၊ ဘာဝနာ ၃-ပါး၌ ပါဝင်သွားကြပေသည်။
♦ ပတ္တိ-ပတ္တာ၊ ဒါနမှာ၊ သွင်းကာယူရသည်။
♦ ပစာ-ဝေယျာ၊ သီလမှာ၊ သွင်းကာယူရသည်။
♦ နာ-ဟော-ဖြောင့်စွာ၊ ဘာဝနာ၊ သွင်းကာယူရသည်။

(သဒ္ဓမ္မရံသီရိပ်သာ ဆရာတော်)


No comments:

Post a Comment