Wednesday 27 February 2013

ဗုဒ္ဓဘာသာဝင်တို့ရဲ့ သာသနာပြုအဖွဲ့များ

-->ဗုဒ္ဓဘာသာဝင်တို့ရဲ့ သာသနာပြုအဖွဲ့များ


“အို … ရဟန်းတို့ လူသားများ၏ ကောင်းကျိုးအတွက် လည်းကောင်း၊ အများ၏ ပျော်ရွှင် ချမ်းသာ သုခအတွက် လည်းကောင်း၊ လောကအပေါ် ထားအပ်သော မေတ္တာ ကရုဏာတရားဖြင့် ကောင်းမှုအတွက် အကျိုးစီးပွားအတွက် လူနှင့် နတ် အပေါင်းတို့၏ ပျော်ရွှင်ခြင်း ချမ်းသာခြင်း အတွက် ခရီးလှည့်လည်၍ သွားကြကုန်လော့” (ဗုဒ္ဓ)

... ကျွန်ုပ်တို့အနေနှင့် ဗုဒ္ဓဘာသာ သမိုင်းစာမျက်နှာများကို ပြန်ပြီး လှန်ကြည့်မည်ဆိုလျှင် ဗုဒ္ဓဘာသာ သာသနာပြုများသည် ဗုဒ္ဓ၏ မွန်မြတ်သော သတင်းစကားများကိုသာ ငြိမ်းချမ်းသောနည်း၊ လေးစားဖွယ်ကောင်းသော နည်းများဖြင့်သာ ပေး၍ သာသနာပြန့်ပွားအောင် လုပ်ခဲ့ကြကြောင်းကို လေ့လာတွေ့ရှိရပါတယ်။ ဒီလို ငြိမ်းချမ်းတဲ့ သာသနာပြု ပုဂ္ဂိုလ်များသည် ဘာသာတရားကို အကြမ်းမဖက်သောနည်းနှင့် ပြန့်ပွားအောင် လုပ်ခဲ့ပါမူကား ရှက်ဖွယ်သာ ဖြစ်ခဲ့ပါလိမ့်မယ်။

ဗုဒ္ဓဘာသာ သာသနာပြု ပုဂ္ဂိုလ်များဟာ ဈေးပြင်ကနား၊ လူ စည်ကားရာ အရပ်မှာ ထွက်ပြီး တခြားဘာသာတွေနဲ့ အပြိုင်အဆိုင် သာသနာပြုအလုပ်ကိုလည်း မလုပ်ခဲ့ကြပါ။ ပြီးတော့ ဗုဒ္ဓ သာသနာပြု ဘယ်ပုဂ္ဂိုလ်မှ (ရဟန်း ဖြစ်စေ၊ လူ ဖြစ်စေကမှ) မယုံကြည်သူများလို့ခေါ်တဲ့ လူများရဲ့ မကောင်းကြောင်းတွေကို ထုတ်ဖော် ဟောကြားခြင်း အမှုမျိုးကိုလည်း မပြုကြပါ။ ပြုရန်ကို မဆိုထားနှင့်။ စဉ်းစားခြင်းကိုပင် မပြုပါ။ ဘာသာရေးအရ၊ ယဉ်ကျေးမှုအရ၊ အမျိုးသားရေးအရ သည်းမခံနိုင်ခြင်း သဘောသည်လည်း ဗုဒ္ဓဘာသာဝင်များရဲ့ စိတ်နေစိတ်ထား မဟုတ်ပါ။ ဗုဒ္ဓရှင်တော်မြတ်ဘုရားရဲ့ ဟောကြားတော်မူတဲ့ တရားတော်တွေထဲမှာ ကျူးကျော် ထိပါးမှုကို ဘယ်တော့မှ ခွင့်ပြုခြင်း မရှိခဲ့ပါ။ ကမ္ဘာကြီး တစ်ခုလုံးဟာ အယူသီးမှု၊ ဘာသာရေး အစွဲသန်မှု သည်းခံခြင်း ကင်းမဲ့တဲ့ အနာရောဂါများ စွဲကပ်ပြီး သွေးထွက်သံယို ဖြစ်ပြီး အနာတရ ဖြစ်ခဲ့တာလည်း များလှပါပြီ။ ဘာသာရေးမှာ ဖြစ်ဖြစ်၊ နိုင်ငံရေးမှာပဲ ဖြစ်ဖြစ် လူတွေက မိမိတို့ရဲ့ ဘဝနေနည်းကို လူတွေက လက်ခံလာအောင် သိသိသာသာ ကြိုးပမ်း အားထုတ်ကြတာ များပါတယ်။ ဒီလိုလုပ်တာကြောင့် သူတို့ဟာ တစ်ခါတစ်လေကိုတော့ တခြား ဘာသာဝင်များအပေါ် သူတို့ရဲ့ ရန်လိုမုန်းထားမှုကို ထုတ်ဖော်ပြသကြတယ်။

ဗုဒ္ဓဘာသာကတော့ လူများရဲ့ လက်ခံထားတဲ့ အမျိုးသားရေး ထုံးတမ်းစဉ်လာများ ဓလေ့ထုံးစံများ၊ အနုပညာ ယဉ်ကျေးမှုတွေနဲ့ ခိုက်ရန်ဖြစ်ပွားခြင်း မရှိပဲ ဒီရိုးရာ အစဉ်အလာတွေကိုလည်း ချောပြေအောင် ပြုပြင်ပြီး ဆက်လက်တည်ရှိခွင့်ပြုပါတယ်။ ဗုဒ္ဓရှင်တော်မြတ်ဘုရားရဲ့ မေတ္တာနှင့် ကရုဏာတော်သည် လူသားများရဲ့ နှလုံးသားများကို ပွင့်စေပြီး သူတို့ ကိုယ်တိုင်က ဒီဒေသနာတော်တွေကို လိုလိုလားလား လက်ခံလာစေပါတယ်။ ဒီနည်းအားဖြင့်သာ ဗုဒ္ဓဘာသာကို ကမ္ဘာ့ ဘာသာကြီး တစ်ခု အဖြစ်သို့ ရောက်အောင် ကူညီပံ့ပိုးခဲ့တာ ဖြစ်တယ်။ လွတ်လပ်တဲ့ နိုင်ငံများက ဗုဒ္ဓဘာသာ သာသနာပြု အဖွဲ့များကို ဖိတ်မန္တက ပြုကြတယ်။ သူတို့က လေးလေးစားစား ကြိုဆိုကြတယ်။ ဗုဒ္ဓဘာသာဟာ သူများနိုင်ငံကို ကိုလိုနီ နယ်ချဲ့စနစ်နဲ့ နိုင်ငံရေး သြဇာလွှမ်းမိုးပြီး အဲဒီနိုင်ငံထဲကို မိမိဘာသာ အယူဝါဒ သွတ်သွင်းခြင်းမျိုးကိုလည်း ဘယ်တုန်းကမှ မပြုခဲ့ပါ။

ဗုဒ္ဓဘာသာသည် လူ့သမိုင်းမှာ ပထမဆုံး လူမျိုးပေါင်းများစွာကို ခက်ခဲလှတဲ့ ဘာသာစကား ယဉ်ကျေးမှုနှင့် ကိုယ်ကျင့်သီလချင်း ကွာခြားတဲ့ လူမျိုးပေါင်းများစွာကို အချင်းချင်း နီးစပ်လာအောင် ပြုလုပ်နိုင်ခဲ့တဲ့ ဘာသာရေး စွမ်းအားကြီး တစ်ခု ဖြစ်ခဲ့တယ်။

ဗုဒ္ဓဘာသာရဲ့ ရည်မှန်းချက်ဟာ နိုင်ငံတကာ ကူးသန်းရောင်းဝယ်ရေး ကုန်သွယ်ရေးကို စိုးမိုးချုပ်ကိုင်နိုင်ဖို့လည်း မဟုတ်ဘူး။ ဧကရာဇ်နိုင်ငံကြီး အင်ပါယာကြီး ထူထောင်ဖို့ ရည်ရွယ်ချက်လည်း မရှိဘူး။ နယ်သစ်ပယ်သစ် ရရှိရေးဆိုတဲ့ နယ်မြေ ရွှေ့ပြောင်းနေထိုင်ဖို့ စိတ်သန်ခြင်းမျိုးလည်း မရှိခဲ့ပါဘူး။ ဗုဒ္ဓဘာသာက ပြချင်တာက လူသားတွေဟာ ငြိမ်းချမ်းခြင်းနှင့် ပျော်ရွှင်ခြင်းကို ဓမ္မကို ဘယ်လို ကျင့်သုံးပြီးနေရင်ဖြင့် ရနိုင်တယ် ဆိုတာကို ပြဖို့ ရည်ရွယ်ချက် တစ်ခုပဲ ရှိပါတယ်။

ထင်ရှားပြီး လင်းလက်တဲ့ အရည်အသွေးနှင့် ချဉ်းကပ်ပုံဖြင့် ဗုဒ္ဓသာသနာပြုလုပ်ငန်း လုပ်ခဲ့ပုံ နမူနာ သာဓကကို ပြပါဆိုရင်တော့ အသောက ဧကရာဇ်ဘုရင်ကြီး ပြုလုပ်ခဲ့ပုံကိုပဲ ပြရမှာဖြစ်ပါတယ်။ ဒီ အသောက ဘုရင်ကြီး လက်ထက်မှာပဲ ဗုဒ္ဓဘာသာသည် အာရှတစ်လွှားနှင့် အနောက်တိုင်း နိုင်ငံများအထိ ပြန့်ပွားခဲ့တာ ဖြစ်ပါတယ်။ အသောက မင်းကြီးက တိုင်းနိုင်ငံ အများအပြားသို့ ဗုဒ္ဓသာသနာပြု အဖွဲ့များကို စေလွှတ်တော်မူတယ်။ စေလွှတ်ရာမှာ ဗုဒ္ဓဘာသာရဲ့ ငြိမ်းချမ်းခြင်း သတင်းစကားကို မိတ်ဆက်ပေးဖို့ပဲ ဖြစ်တယ်။ အဲဒီခေတ်က တည်ရှိပြီး ဘာသာတရားအားလုံးကို အသောကမင်းကြီးဟာ အရေးထားတယ်။ လေးစားတယ်။ အထောက်အပံ့ အကူအညီတွေကိုလည်း ပေးတယ်။ တခြားဘာသာတရားများ အပေါ်မှာ သူ့ရဲ့ သည်းခံနိုင်စွမ်းသည် မှတ်သားလောက်ပါပေတယ်။ သူတည်ထားခဲ့တဲ့ ကျောက်စာ တစ်ခုထဲမှာဆိုရင် ခုထိ ဒီကျောက်စာ အိန္ဒိယပြည်မှာ တည်ရှိပါသေးတယ်။

ဘယ်လို ဆိုထားသလဲ ဆိုတော့ “လူတစ်ယောက်သည် မိမိယုံကြည် ကိုးကွယ်သည့် ဘာသာတရားကိုသာ ဂုဏ်ပြုထိုက်သည် မဟုတ်။ သူတစ်ပါး၏ ယုံကြည်ကိုးကွယ်ရာ ဘာသာကိုလည်း ရှုတ်ချထိုက်သည်မဟုတ်ချေ။ ဒီအကြောင်း ဟိုအကြောင်းတွေးကို ထောက်ထားပြီးသကာလ သူတစ်ပါး ဘာသာကိုလည်း ဂုဏ်ပြုထိုက်သည်သာ။

ထိုကဲ့သို့ ပြုမူခြင်းအားဖြင့်သာ မိမိသည် မိမိ၏ဘာသာကို ရှင်သန်ကြီးပွားအောင် ကူညီ ပံ့ပိုးခြင်း ဖြစ်ပြီး သူတစ်ပါး ဘာသာကိုလည်း အလုပ်အကျွေး ပြုရာရောက်သည်။ ထိုသို့ မပြုမူပဲ တလွဲပြုလုပ်ပါမူကား မိမိသည် မိမိ၏ သေတွင်းကို တူးရာလည်း ရောက်သည့်ပြင် သူတစ်ပါး ဘာသာကိုလည်း အန္တရာယ်ပြုရာ ရောက်စေသည်။ မည်သူမဆို မိမိဘာသာကိုသာ ဂုဏ်ပြု မြှောက်စားပြီး သူတစ်ပါး ဘာသာကိုမူ ပြစ်တင် ရှုတ်ချပါမူကား ထိုသူသည် မိမိဘာသာကိုသာ အကြည်ညိုသန်ပြီး ငါဟာ ငါ့ဘာသာရဲ့ ကောင်းကျိုးကိုပဲ ပြုမည်ဆိုသော စိတ်ဖြစ်ပေါ်လာနိုင်သည်။ ထိုစိတ်ဖြစ်ပေါ်လာပါက သူသည် မိမိဘာသာကိုလည်း အကြီးအကျယ် ထိခိုက်နစ်နာစေမည် ဖြစ်၏။ ကောင်းမှုကိစ္စတွင်လည်း ထိုအတိုင်းပင် ဖြစ်၏။ လူအပေါင်းတို့သည် တခြားဘာသာများ၏ ဟောကြားတရားများကိုပါ နာကြားကြရသည်။ နာကြားလိုစိတ် ရှိရမည် ဖြစ်သည်။” ဟု ဖော်ပြထားပါတယ်။

ဘီစီ ၂၆၈ ခုနှစ် တုန်းက အသောကမင်းကြီးသည် အိန္ဒိယပြည်မှာ မြတ်ဗုဒ္ဓရဲ့ တရားများကို ရှင်သန်နေတဲ့ စွမ်းအား ဖြစ်လာအောင် သူစွမ်းဆောင်တော်မူခဲ့တယ်။ ဆေးရုံတွေ၊ လူမှုရေး အဖွဲ့အစည်းတွေ၊ တက္ကသိုလ်ကြီးတွေကို ယောက်ျား မိန်းမ လူသား အားလုံးအတွက် ထူထောင်ပေးတယ်။ အပန်းဖြေ နားနေရာ နေရာတွေ၊ ရိပ်သာတွေကို ထူထောင်ပေးတယ်။ ရေတွင်း၊ ရေကန်တွေ တည်ဆောက်ပေးတယ်။ ဒီအခါ လူတွေရဲ့ စိတ်ထဲမှာ စစ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ပိုပြီး ခံစားနားလည်လာတယ်။

အိန္ဒိယနိုင်ငံ သမိုင်းမှာရော တခြား အာရှတိုက် နိုင်ငံတွေမှာပါ အနုပညာ ယဉ်ကျေးမှု ပျိုးထောင်မှု၊ ပညာရေး၊ ယဉ်ကျေးမှု အဖက်ဖက်က အထွတ်အထိပ်ကို ရောက်တဲ့ ရွှေခေတ်ကြီး ဖြစ်ပေါ်ခဲ့တယ်။ ဒီအချိန်တုန်းက ဒီနိုင်ငံတွေမှာ ဗုဒ္ဓဘာသာရဲ့ သြဇာ အရှိန်အဝါဟာ အကြီးမားဆုံး ဖြစ်ခဲ့တယ်။

ဗုဒ္ဓဘာသာနိုင်ငံတွေမှာ ဘာသာရေးစစ်တို့၊ မွန်မြတ်သောစစ် ဆိုတာတို့ ခရူးဆိတ်စစ် ဆိုတာတို့၊ ဘာသာရေး ညှင်းပန်းနှိပ်စက်မှု၊ ခွဲခြားဆက်ဆံမှု ဆိုတာတွေဟာ ဗုဒ္ဓဘာသာနိုင်ငံတွေရဲ့ သမိုင်းမှတ်တမ်းထဲမှာ ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့တာ ဘာဆိုဘာမှ မရှိပါဘူး။ အိန္ဒိယနိုင်ငံမှာ ၂ ရာစုကနေ ၉ ရာစုခေတ်တိုင်အောင် စည်ကားခဲ့တဲ့ နာလန္ဒ တက္ကသိုလ်ကြီးဟာ ဗုဒ္ဓဘာသာရဲ့ ထုတ်ကုန်ပစ္စည်းတစ်ခုပါ။ လူ့သမိုင်းမှာ ဒါဟာ ပထမဆုံးသော တက္ကသိုလ်ကြီး ဖြစ်ပြီး ဒီတက္ကသိုလ်မှာ နိုင်ငံတကာက ပညာသင်ဖို့ ရောက်လာကြတဲ့ စာသင်သားတွေကို လက်ခံသင်ကြားပေးခဲ့ပါတယ်။ အတိတ်ကာလတုန်းက လမ်းပန်း အဆက်အသွယ် ခက်ခဲခဲ့တာတောင်မှ အရှေ့တိုင်းက နိုင်ငံများမှာ ဗုဒ္ဓဘာသာနဲ့ အထိအတွေ့ များခဲ့တယ်။ လူတွေဟာ သဲကန္တာရတွေ၊ တောင်တန်းကြီးတွေကို ကျော်ဖြတ်ပြီး ဗုဒ္ဓဘာသာကို ရယူဖို့ ခက်ခက်ခဲခဲ ခရီးသွားခဲ့ကြရပါတယ်။ ဒီလို အခက်အခဲကြီးတွေ အတားအဆီးကြီးတွေ ရှိနေခဲ့ပေမယ့် ဗုဒ္ဓဘာသာဟာ ဝေးလံတဲ့ ဒေသများအထိ ကျယ်ပြန့်သွားခဲ့ပါတယ်။ ဒီခေတ် ဒီအခါမှာတော့ ဒီငြိမ်းချမ်းတဲ့ သတင်းစကားများပါတဲ့ ဗုဒ္ဓဘာသာဟာ အနောက်ဘက် ကမ္ဘာခြမ်းမှာ ပြန့်ပွားလာပြီ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဟာ အနောက်တိုင်းသားများကို ဆွဲဆောင်နိုင်တယ်။ သူတို့ကလည်း ဗုဒ္ဓဘာသာသည်သာ ခေတ်သစ် သိပ္ပံပညာနဲ့ သဟဇာတ ဖြစ်တဲ့ ဘာသာဖြစ်တယ် ဆိုတာကို ယုံကြည်လာကြပါပြီ။

ဗုဒ္ဓဘာသာ သာသနာပြုများအနေနဲ့ သင့်တင့်လျောက်ပတ်တဲ့ ကျင့်စဉ်များပါဝင်တဲ့ ဘာသာတရားကို ကိုးကွယ်နေကြတဲ့ လူတွေ ဗုဒ္ဓဘာသာထဲကို ဘက်ပြောင်းပြီး ဝင်လာဖို့ကို အလိုမရှိကြပါဘူး။ လူတွေအနေနဲ့ ကိုယ့်ဘာသာနဲ့ ကိုယ်ကျေနပ်နေရင်လည်း ဗုဒ္ဓဘာသာ သာသနာပြုတွေက ဒီလူတွေကို ဘာသာပြောင်းလာအောင် ဘက်ပြောင်းလာအောင် လုပ်ဖို့ ဘာမှ မလိုပါဘူး။ တခြားဘာသာရဲ့ သာသနာပြုများက ကောက်ကျစ်စဉ်းလဲသူတွေ၊ မယဉ်ကျေးတဲ့သူတွေ၊ ဒုစရိုက်သမားတွေကို ယဉ်ကျေးပြီး ဘာသာတရားနဲ့အညီ နေထိုင်တတ်လာအောင် ဆောင်ရွက်ပေးနေလို့ရှိလျှင် ဒီသာသနာပြု လုပ်ငန်းတွေကို ဗုဒ္ဓဘာသာ သာသနာပြုတွေက အပြည့်အဝ ကူညီထောက်ပံ့မှုတွေကို ပေးကြရမှာ ဖြစ်တယ်။

တခြား လူတွေနဲ့ ဓမ္မကို မိတ်ဆက်ပေးတဲ့အခါ ဗုဒ္ဓဘာသာ သာသနာပြုတွေ အနေနဲ့ စိတ်ကူးယဉ် ပုံကြီးချဲ့ ပြောနေတဲ့ နတ်ပြည် နတ်ရွာ နတ်ချမ်းသာတွေကို ပြောပြီး လူတွေကို ဆွဲဆောင်ဖို့ ဘယ်တော့မှ မကြိုးစားပါဘူး။ လူတွေကို လောဘတွေ တက်လာအောင် လိုချင် တပ်မက်စိတ်တွေ များလာအောင် ပြောဟောပြီး ဘယ်တော့မှ မဆွဲဆောင်ရပါဘူး။ ဒီလို ဟောမည့်အစား သူတို့က လူ့သဘာဝ အမှန်သဘော နတ်ပြည်ရဲ့ အမှန်သဘောတွေကို ဗုဒ္ဓရှင်တော်မြတ် ဟောကြားထားတဲ့ အတိုင်းပဲ ပြောကြ ဟောကြရမှာ ဖြစ်ပါတယ်။


(ဦးဆန်းလွင် (ရှင်အာဒိစ္စရံသီ)၏ ‘ဗုဒ္ဓဘာသာဝင်တို့ ယုံကြည်ကြတာက’ စာမျက်နှာ-၄၅၁ မှကူးယူ မျှဝေပါသည်။)


No comments:

Post a Comment